ဆယ်ဇင်းကျေးရွာမှ ဟောင်ပါးနှင့် တာမခံကျေးရွာဘက်သို့ စစ်ရှောင်လာသူ ၂၀၀၀ နီးပါးရှိ၊ အစားသောက်နှင့် ဆေးဝါးများလိုအပ်နေ

ဆယ်ဇင်းကျေးရွာမှ ဟောင်ပါးနှင့် တာမခံကျေးရွာဘက်သို့ စစ်ရှောင်လာသူ ၂၀၀၀ နီးပါးရှိ၊ အစားသောက်နှင့် ဆေးဝါးများလိုအပ်နေ
တာမခန်နွေဦးတော်လှန်ရေး Page
တာမခန်နွေဦးတော်လှန်ရေး Page

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာကနေ ဟောင်ပါးနဲ့  တာမခံကျေးရွာဘက်ကို စစ်ရှောင်လာသူ ၂၀၀၀ နီးပါးရှိနေပြီဖြစ်တယ်လို့ ကူညီပေးနေတဲ့အဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက ပြောပါတယ်။

စစ်ရှောင် ၁၇၀၀ ကျော်ဟာ  ကူညီလက်ခံပေးတဲ့ နေရာမှာ နေထိုင်နေရပြီး တစ်ချို့စစ်ရှောင်တွေကတော့  ဆွေမျိုးတွေအိမ်မှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။

လက်ရှိ စစ်ရှောင်စခန်းမှာနေထိုင်သူတွေအနေနဲ့ စားရေးသောက်ရေးနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ၁၇၀၀ ကျော်ဆိုတာက ရပ်ရွာက လက်ခံကူညီပေးထားတဲ့ စခန်းမှာရှိတဲ့ အင်အားပေါ့နော်။ တစ်ချို့ဆို ကိုယ့်အသိအိမ်မှာနေတာတို့ အိမ်ငှားနေတာတို့ များများစားစား ရှိသေးတယ်။ စစ်ရှောင်တွေက ဒီထက်မက များတယ်။ ပတ်ဝန်းကျင်ရွာတစ်လျှောက်လည်း အကုန်ရွေ့လာကြရတာကို။ လောလောဆယ်တော့ စားဖို့သောက်ဖို့ရယ် အဓိက ကျန်းမာရေးစောင့်ရှောက်မှုရယ်ပေါ့နော်” လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် ဆယ်ဇင်းကျေးရွာဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲအချိန်ကြာမြင့်လာတာနဲ့ အမျှ ဟောင်ပါး၊ တာမခံထိပါ ဖြစ်ပွားလာမယ့် အနေအထားမှာ ရှိနေတယ်လို့လည်း ဒေသခံက ဆက်ဆိုပါတယ်။

“ ရွာဘက်မှာတော့ တောက်လျှောက် ဆက်ဖြစ်နေတာပေါ့နော်။ တိုက်ပွဲတွေက ဖြစ်နေတဲ့အခါကျတော့ ဒီနယ်နှစ်ခုက ဒီဘက်တွေထိ ဖြစ်လာနိုင်ခြေရှိတာပေါ့နော်။ တစ်ချို့ရွာခံတွေတောင်မှ ဒီကနေ ရှောင်နေတာတောင်ရှိပြီပေါ့လေ။ ဟောင်ပါး၊ တာမခံက ရွာခံတွေကအစ ရှောင်နေတာတွေလည်းရှိပြီဆိုတော့ ဆယ်ဇင်းဒေသဘက် ရှောင်လာတဲ့ လူတွေတွက်ကလည်း နောက်တစ်ခုစဉ်းစားစရာတွေ ဖြစ်လာမှာပေါ့နော်” လို့ ဒေသခံကဆက်ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေတွက် စားရေးသောက်ရေးကို ကျေးရွာတွင်း နေထိုင်သူတွေနဲ့ အလှူရှင်တွေက စုပေါင်းကူညီ ဖြေရှင်းနေတာဖြစ်ပြီးတော့ စစ်ဘေးရှောင်တဲ့ အချိန်ကြာမြင့်လာခဲ့မယ်ဆိုရင် အခက်အခဲတွေ ပိုပြီးရှိလာနိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီကနေ ဆယ်ဇင်းကျေးရွာက အိမ်ခြေ (၄၀၀) ကျော်လောက်ကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို ပစ်သတ်တဲ့ ဖြစ်စဉ်တွေ ရှိနေတာကြောင့်  နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...