ရှစ်လေးလုံး (၃၄) နှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ထိုင်းရောက်မြန်မာများက ကမ်ပိန်းပြုလုပ်

ရှစ်လေးလုံး (၃၄) နှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ထိုင်းရောက်မြန်မာများက ကမ်ပိန်းပြုလုပ်

မြန်မာနိုင်ငံရဲ့ အထင်ကရရက်စွဲတွေထဲက တစ်ခုဖြစ်တဲ့ ၈၈၈၈ အရေးတော်ပုံ (၃၄) နှစ်မြောက်နေ့ အောက်မေ့ဖွယ် အခမ်းအနား Campaing တစ်ခုကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတချို့က ချင်းမိုင်မြို့ The Phae Gate မှာ ယမန်နေ့ ညနေ ၅ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ပါတယ်။

 အခမ်းအနားမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို သရုပ်ဖော်တင်ဆက်တာ၊ ကဗျာရွတ်ဆိုတာ၊ သီချင်းဆိုတာ၊ Rap ရွတ်တာ၊ ကြွေးကြော်သံ ပြုလုပ်တာတွေအပြင် နိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းအချို့ကိုလည်း ပြသခဲ့ပါတယ်။

ရှစ်လေးလုံး (၃၄) နှစ်မြောက်အခမ်းအနားမှာတက်ရောက်ခဲ့တဲ့ ကချင်ပြည်နယ်သား ကိုဆိုင်းလီက “အခုကျွန်တော် ချင်းမိုင်မှာရောက်နေတဲ့အချိန် သမိုင်းဝင် အစီစဉ်တစ်ခုမှာ ပါဝင်ရတာက ကျွန်တော်တို့ တစ်ခြားမျိုးနွယ်စုတွေလိုပဲ စစ်အာဏာရှင်ကိုမကြိုက်ဘူး။ ဒီမိုကရေစီကိုကြိုက်နှစ်သက်တယ်။ ဒါကြောင့် ဒီမိုကရေစီလှုပ်ရှားမှုမှာ အတူတကွဖြစ်တယ်ဆိုတာကို ပြသချင်လို့ ပါဝင်ရတာဖြစ်ပါတယ်။” လို့ပြောပါတယ်။

ကရင်နီအမျိုးသား၊ ABSDF ကျောင်းသား တပ်မတော် တပ်ဖွဲ့ဝင်ဟောင်း ပက်ထရစ်ကတော့ “အဓိက ၈၈ တုန်းကလို အဖြစ်မခံတော့ဘဲနဲ့ ကျွန်တော်တို့ နွေဦးတော်လှန်ရေးကာလမှာက အခွင့်အရေးတွေ အများကြီးရလာတယ်။ အင်တာနက်ကအစ နိုင်ငံတကာနဲ့ ဆက်သွယ်မှုတွေစရှိတဲ့ အားသာချက်တွေ အများကြီးရှိတဲ့အတွက် ဒါက ကျွန်တော်တို့ရဲ့ နောက်ဆုံး တိုက်ပွဲ၊ နောက်ဆုံးအောင်ပွဲလို့ပဲ မြင်ချင်ပါတယ်။ အားလုံးစည်းစည်းလုံးလုံးနဲ့ ဘုံရန်သူကို တိုက်ကြရအောင်ပါ” လို့ ပြောကြားခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်းက ပအို့တိုင်းရင်သား ကိုခွန်ဦးက “တိုင်းတပါးကိုရောက်သွားပေမယ့် ကိုယ်နိုင်ငံအတွက် မြန်မာနိုင်ငံသားတွေ စည်းစည်းလုံးလုံးနဲ့ အာဏာရှင်ကို ဆန့်ကျင်နေဦးမှာပဲဆိုတာ ပြချင်လို့ ဒီပွဲကိုတက်ရောက်ရတာ ဖြစ်တယ်။ ပြည်တွင်းမှာ ကျန်ခဲ့တဲ့နိုင်ငံသားတွေအားလုံး ခက်ခဲနေကြတဲ့အတွက် ပြည်ပရောက်သွားတဲ့ သူတွေအနေနဲ့ အကူအညီပေးဖို့ကို မမေ့ဖို့အတွက် ပြောကြားချင်လို့ ပါဝင်ရတာလည်းဖြစ်တယ်၊” လို့ ပြောခဲ့ပါတယ်။

 Burma Supportက (လူသားချင်းစာနာထောက်ထားရေးတွေမှာ ကူညီဖို့ ဖွဲ့ထားတဲ့အဖွဲ့) မယွန်းမီကတော့ “လုံခြုံရေးကြောင့်ဖြစ်ဖြစ်၊ စားဝတ်နေရေးကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုအကြောင့်ပဲဖြစ်ဖြစ် အခုလို တိုင်းတပါးကို ရောက်ရှိသွားပြီးဆိုပြီး ကျွန်မတို့ သွေးအေးနေလို့မရဘူး။ ကျွန်မတို့စိတ်ထဲမှာ တော်လှန်ရေးအတွက် ဘာတွေလုပ်ပေးရမလဲဆိုတဲ့ စိတ်ဆန္ဒတွေ အမြဲတမ်းရှိနေဖို့လိုပြီးတော့ အဲဒါတွေ ကျွန်မတို့ ဘယ်လိုအကောင်အထည်ဖော်ရမလဲဆိုတာ တွေးပေးနေဖို့လိုပါတယ်။ ကျွန်မမြန်မာ ပြည်အတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာကိုပဲအမြဲစဉ်စားပါတယ်။”လို့ ဆိုပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရမှ ငွေစက္ကူတွေကို တရားမဝင်ကြေညာခဲ့တဲ့အတွက် တိုင်းပြည်အတွင်း ဆင်းရဲကျပ်တည်းမှုတွေ မြင့်တက်ခဲ့တာကြောင့် ပြည်သူတွေ အကျပ်အတည်းနဲ့ရင်ဆိုင်လာရတဲ့အတွက်ကြောင့် မဆလ အစိုးရကို ၁၉၈၈ ခုနှစ် ဩဂုတ်လအတွင်းမှာ နိုင်ငံအနှံ့ ဆန့်ကျင်ဆန္ဒပြရာမှ ၈၈၈၈ အရေးတော်ပုံ ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။

အဲဒီလို ဆန့်ကျင်တာကြောင့် နိုင်ငံအနှံ့က ကျောင်းသားတွေ၊ ရဟန်းရှင်လူပြည်သူတွေ၊ လူတန်းစားအလွှာပေါင်းစုံက ထောင်၊ သောင်းချီတဲ့ အပြစ်မဲ့ပြည်သူလူထုတွေကို ဖမ်းဆီးရိုက်နှက်၊ ထောင်ချ သတ်ဖြတ်ခဲ့ပြီး သေဆုံးခဲ့ရသူတွေ အများအပြား ရှိခဲ့ပြီးတော့ တိုင်းတပါးကို ထွက်ပြေးခဲ့ရတဲ့ သူတွေလည်း အများအပြားရှိခဲ့ရတဲ့ အရေးအခင်းလည်း ဖြစ်ပါတယ်။

အဲဒီနည်းအတိုင်း ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က လူထုတင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို ဖမ်းဆီထောင်ချပြီး မြန်မာနိုင်ငံကိုတစ်ခါ အာဏာသိမ်းယူလိုက်ပြန်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ ပြည်သူရဲ့နေအိမ်တွေကို မီးရှို့တာတွေ၊ တိုင်းရင်းသားဒေသတွေနဲ့ မြို့ပြဒေသတွေကို စစ်မြေပြင်ပြုလုပ်ကာ သတ်ဖြတ်မှုတွေကို ပြုလုပ်နေဆဲဖြစ်ပါတယ်။

၈၈၈၈ အရေးတော်ပုံနေ့ (၃၄) နှစ်မြောက်ပြည့် အထိမ်းအမှတ်ကို မြန်မာနိုင်ငံက ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်း အသီးအသီး ပြုလုပ်ကျင်းပခဲ့ပါတယ်။

Most read this week

April 9, 2024
ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁)တွေကို ဧပြီလ သင်္ကြန်ပိတ်ရက်ပြီးမှ စတင်မယ်လို့ စစ်ကောင်စီဘက်...
April 6, 2024
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ မတ်လဆန်းက စတင်ခဲ့တဲ့  ထိုးစစ်ဆင်တိုက်ပွဲတွေနောက်ပိုင်း...
April 5, 2024
မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ရာချီ...