ညှိနှိုင်းအဖြေရှာတဲ့နိုင်ငံရေးနည်းလမ်းကိုအယုံအကြည်မဲ့လာကြပြီလား?

ညှိနှိုင်းအဖြေရှာတဲ့နိုင်ငံရေးနည်းလမ်းကိုအယုံအကြည်မဲ့လာကြပြီလား?

မိုင်မိုင်ဇလပ်မြေ — ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊NLDပါတီကလွှတ်တော်ကိုယ်စားလှယ်ဟောင်းကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကိုအကြမ်းဖက်ပုဒ်မတွေနဲ့စွတ်စွဲပြီးကြိုးမိန့်သေဒဏ်ပေးလိုက်ပြီလို့ ဇူလိုင် ၂၄ ရက်စွဲနဲ့နိုင်ငံပိုင်သတင်းစာတွေမှာကြေညာပြီးကတည်းက စစ်အာဏာသိမ်းပြီး ၁ နှစ်ခွဲခန့်အချိန်အထိ နိုင်ငံရေးနည်းလမ်းဆွေးနွေးညှိနှိုင်းအဖြေရှာဖို့အမြဲဆော်ဪနေတဲ့ ကိုဂျင်မီရဲ့ငယ်သူငယ်ချင်းလည်းဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊လက်ရှိ ပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီးရဲ့စိတ်ပျက်အားလျော့သွားမှု့ကို BBC မြန်မာပိုင်းနဲ့အင်တာဗျူးမှာအခုလိုကြားသိခဲ့ရပါတယ်။

“ကြိုးပေးကွပ်မျက်တယ်ဆိုတဲ့ကိစ္စက နိုင်ငံတော်က စီရင်ဆောင်ရွက်တယ်ဆိုတဲ့ နိုင်ငံတော်လူသတ်မှုဖြစ်လာလို့ ကျွန်တော်တို့ ထုတ်ပြောရတာ......နိုင်ငံတော်ဆိုတဲ့စကားလုံံးကိုသုံးပြီးတော့ သတ်ဖြတ်တဲ့ကိစ္စဟာ ကိုဂျင်မီ ကိုဇေယျာသော်မှမဟုတ်ဘူး။ ဒီအစိုးရလက်ထက်မှာ Legitimacy ကိစ္စ အကြီးအကျယ်အငြင်းပွားမှုဖြစ်နေတဲ့အချိန်မှာ မလုပ်သင့်ဘူးဆိုတာမဖြစ်ခင်ကတည်းကလည်းပြောခဲ့တယ်၊ ကန့်ကွက်ခဲ့တယ်။ "

ဦးကိုကိုကြီး (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

ဒီလိုနိုင်ငံရေးနည်းလမ်းနဲ့တိုင်းပြည်ပြသနာဖြေရှင်းဖို့စစ်ကောင်စီဖက်ကလည်းစိတ်ပါလက်ပါမရှိဘူးဆိုတာကို စိတ်ပျက်အားလျော့လာတဲ့နိုင်ငံရေးသမားက ဦးကိုကိုကြီး ၁ ဦးတည်းမဟုတ်ပါ။

ကိုဂျင်မီ၊ကိုဇေယျာသော်တို့ သေဒဏ်ပေးခံရမှုနဲ့ပတ်သက်ပြီး “နှစ်ဖက်လုံး(စစ်ကောင်စီနှင့် ဆန့်ကျင်သူ)က မပြန်လမ်းသွားကြတာပေါ့။ ရန်သူနဲ့မိတ်ဆွေက ရှင်းရှင်း လင်းလင်း ဖြစ်သွားပြီ။ အရင်က စေ့စပ်တဲ့စကားပြောရင် နည်းနည်းလေးဆဲခံရတာရှိတယ်။ အခုက စေ့စပ်မယ်ဆိုရင် အသတ်ခံရမယ့် အနေအထားရောက်သွားပြီ”လို့ ဝါရင့်နိုင်ငံရေးသမား ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)ဥက္ကဌဦးစိုင်းညွန့်လွင်ကလည်း Myanmar Now မီဒီယာဆီမှာဖြေကြားထားပါတယ်။

ပြည်တွင်းပြည်ပက ကန့်ကွက်မှုဖိအားပေးမှုတွေကို ဂရုမစိုက်ပဲ ကိုဂျင်မီ၊ကိုဇေယျာသော်တို့ကို နိုင်ငံရေးအရမဆိုင်းငံပဲသေဒဏ်ပေးခဲ့ခြင်းဟာလာမယ့်နိုင်ငံရေးဖြစ်စဉ်တွေမှာပါဝင်ဖို့အခက်အခဲအများကြီးဖြစ်စေတယ်လို့ နိုင်ငံရေးပါတီ၁ခုကခေါင်းဆောင်၁ဦးကဆိုပါတယ်။

“စေ့စပ်ညှိနှိုင်းလို့မရ ရန်ငါပြတ်တဲ့အနေအထားလို့လူတွေပိုယုံကြည်လာကြပြီ၊ကျနော်တို့နိုင်ငံရေးပါတီတည်ထောင်ခဲ့တယ်ဆိုတာ လက်နက်ကိုင်ဖို့မဟုတ်ပဲမြေပေါ်တရားဝင်လူထုမဲပေးရွေးချယ်ပေးရင် လွှတ်တော်ကနေတဆင့်နိုင်ငံရေးနည်းလမ်းလုပ်ဖို့ရည်ရွယ်ချက်နဲ့တည်ထောင်ခဲ့တာကိုး၊လာမယ့်နှစ်ရွေးကောက်ပွဲလုပ်ဖြစ်ရင်တောင်ဝင်ပြိုင်ရင်လူတွေဆဲမယ်၊မပြိုင်ရင် ရွေးကောက်ပွဲကော်မရှင်ကပါတီဖျက်သိမ်းမယ်၊အတော်ဒုက္ခရောက်တယ်”လို့သူကပြောပါတယ်။

မနှစ် ၂၀၂၁ စစ်အာဏာသိမ်းခြင်းနဲ့  ဒီနှစ် ၂၀၂၂ မှာ ကိုဂျင်မီ၊ကိုဇေယျာသော်တို့ကိုသေဒဏ်ပေးခဲ့ခြင်းအကျိုးဆက်ဟာ အခုသာမက နောင်လာမယ့် နိုင်ငံရေးဖြစ်စဉ်တွေနဲ့နိုင်ငံရေးနည်းနဲ့ဖြေရှင်းလိုတဲ့နိုင်ငံရေးသမားတွေအပေါ်ဖိအားတွေပိုဖြစ်စေခဲ့ပါပြီ။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေကိုမဖြေရှင်းပေးလို့ဆိုကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆိုပြီး ယာယီသမ္မတဦးမြင့်ဆွေက အရေးပေါ်ကာလကြေညာကာ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေး၊ဥပဒေပြုရေး၊တရားစီရင်ရေးအာဏာ၃ ရပ်ကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီလွှဲပြောင်းပေးခဲ့တာကြောင့် စစ်တပ်အာဏာသိမ်းခဲ့တာ အခုဆိုရင် ၁ နှစ်နဲ့ ၆ လပြည့်တော့မှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြဌာန်းချက်များနဲ့မကိုက်ညီမှုတချို့တွေရှိပေမယ့် အာဏာသိမ်းစစ်ကောင်စီကတော့ ၂၀၀၈ ဖွဲ့စည်းပုံအရအာဏာထိန်းတာသာဖြစ်တယ်လို့ဆိုပြီးသူတို့ရဲ့နိုင်ငံရေးလမ်းပြမြေပုံကို၂၀၀၈ ဖွဲ့စည်းပုံကိုပဲအခြေခံထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအရေးပေါ်ကာလသက်တမ်း ၁ နှစ်နဲ့ ၆ လ ၂ ခါ စုစုပေါင်း ၂ နှစ်အထိသက်တမ်းတိုးခွင့်ရှိတာကြောင့် အခုဇူလိုင်လကုန်မှာ ၆ လ သက်တမ်းထပ်တိုးတာဟာ ၂၀၂၃ ခုနှစ်ဇန်နဝါရီလကုန်မှာသက်တမ်းကုန်ဆုံးမှာဖြစ်ပြီးနောက်ဆုံးအကြိမ်ဖြစ်ပါတယ်။သက်တမ်းကုန်ဆုံးတဲ့အချိန်မှာ၂၀၀၈ ဖွဲ့စည်းပုံအရ ပါတီစုံရွေးကောက်ပွဲပြင်ဆင်ကျင်းပဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကနေ ဩဂုတ်လကုန်အထိ ၆ လ သက်တမ်းဆက်တာဝန်ယူကာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကောင်စီကကြိုတင်ကြေညာထားပါတယ်။

လာမယ့် ၂၀၂၃ ဩဂုတ်လမှာကျင်းပမယ့်ပါတီစုံရွေးကောက်ပွဲကို PR (အချိုးကျကိုယ်စားပြုစနစ်)နဲ့ကျင်းပမှာဖြစ်ပြီး အရင်လိုကိုယ်စားလှယ်လောင်းတွေကိုမဲပေးရွေးချယ်ရမှာမဟုတ်ပဲ ကိုယ်ကြိုက်တဲ့ပါတီကိုသာမဲပေးရမယ့် ပါတီအလိုက်ပြိုင်တဲ့ပါတီစုံရွေးကောက်ပွဲဖြစ်မယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောကြားထားပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင်နိုင်ငံရေးပါတီတချို့၊လူထုသပိတ်ကော်မတီများ၊တက်ကြွလှုပ်ရှားသူတွေကတော့ ၂၀၂၃ ပါတီစုံရွေးကောက်ပွဲဟာ စစ်ကောင်စီရဲ့နိုင်ငံရေးထွက်ပေါက်တဲ့အတွက်လုပ်တဲ့ဟန်ပြဒီမိုကရေစီရွေးကောက်ပွဲသာဖြစ်ပြီးလက်ခံမှာမဟုတ်ကြောင်းကြေညာထားပါတယ်။

ကြေညာထားတဲ့အတိုင်း ၂၀၂၃ ခုနှစ်မှာ ပါတီစုံရွေးကောက်ပွဲလုပ်နိုင်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံပြဌာန်းချက်အရ မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေအနေနဲ့ အနည်းဆုံးမဲဆန္ဒနယ် ၃ နေရာမယှဉ်ပြိုင်ရင် ပါတီဖျက်သိမ်းခံရမှာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရသမ္မတဒူဝါရှီးလာက နိုင်ငံရေးပါတီတွေအနေနဲ့ ၂၀၂၃ ရွေးကောက်ပွဲမှာမပါဝင်ဖို့တောင်းဆိုထားပါတယ်။

စစ်ကောင်စီခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ တည်ငြိမ်တဲ့ဒေသတွေမှာ လူဦးရေစာရင်း၊မဲစာရင်းတွေကောက်ယူကာလာမယ့်နှစ်ရွေးကောက်ပွဲအတွက်ပြင်ဆင်နေပါပြီ။

၂၀၂၃ ပါတီစုံရွေးကောက်ပွဲဟာ ထောင်ဒဏ်နှစ်အများအပြားချမှတ်ခံရဖို့ရှိတဲ့လူထုခေါင်းဆောင်မပါရတဲ့ရွေးကောက်ပွဲဖြစ်ခြင်းနဲ့အာဏာသိမ်းပြီးနောက် လူထုအကြားထိခိုက်သေကြေမှုများ၊အမုန်းတရားများကြောင့် လူထုအကြားမှာနိုင်ငံရေးနည်းကိုစိတ်ပျက်သူအများအပြားရှိနေပြီး မဲပေးသူနည်းမယ့်ရွေးကောက်ပွဲဖြစ်ဖို့အလားအလာရှိနေပါတယ်။

လက်နက်ကိုင်နည်းလမ်းမဟုတ်တဲ့နိုင်ငံရေးနည်းနဲ့သွားလိုတဲ့နိုင်ငံရေးပါတီအများစုအတွက်လည်း မကြာခင်ရောက်လာမယ့် ၂၀၂၃ ရွေးကောက်ပွဲဟာပြိုင်ရေးမပြိုင်ရေးက စပြီး အကျပ်ရိုက်နေပါတယ်။

Most read this week

April 29, 2024
စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအင်အားစုတို့၏ ဧပြီလ ၁၀ ရက်မှ ၂၃ ရက်ထိ...
စစ်ယူနီဖောင်းဝတ်ဆင်ပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ
April 29, 2024
ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီနှင့်ပူးပေါင်းနေသော မွတ်ဆလင်များက...
April 29, 2024
ရခိုင်ပြည်အတွင်းက ကျန်းမာရေးမကောင်းသူများနှင့် ဆေးရုံ/ဆေးခန်းများ၌ ပုံမှန်ပြသနေရသူများမှာ...
April 27, 2024
စစ်ရေးပဋိပက္ခ ပြင်းထန်နေသော ရခိုင်ပြည်တွင် ဒေသတွင်းထွက်ကုန်များဖြစ်သည့် ဆန်၊ စပါး၊ သီးနှံ၊ သား၊...