အသက် ၆၉ နှစ်ခန့်အရွယ် အမျိုးသမီးကို အရက်မူးနေသည့် ရဲ ၂ ဦးက ဆိုင်ကယ်ဖြင့် ဝင်တိုက်မှုဖြစ်ပွား၊ ရဲအသိုင်းအဝိုင်းက သတင်းဖုံးဖိထားဟုဆို

အသက် ၆၉ နှစ်ခန့်အရွယ် အမျိုးသမီးကို အရက်မူးနေသည့် ရဲ ၂ ဦးက ဆိုင်ကယ်ဖြင့် ဝင်တိုက်မှုဖြစ်ပွား၊ ရဲအသိုင်းအဝိုင်းက သတင်းဖုံးဖိထားဟုဆို

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင် ဇူလိုင်လ ၂၀ ရက်နေ့ ည ၈ နာရီခန့်က အသက် ၆၉ နှစ်ခန့် အရွယ်အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ဆိုင်ကယ်ဖြင့်ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

မော်လမြိုင်ကျွန်း ရဲစခန်းရှိ စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်လှိုင်ဝင်းထွန်း(နယ်ထိန်းခေါင်းဆောင်)နှင့် ရဲတပ်သားကိုကိုနိုင်တို့နှစ်ဦးက မော်လမြိုင်ကျွန်းမြို့ အမှတ် ၁၁ ရပ်ကွက်၊ ဗန္ဓုလလမ်းတွင်နေထိုင်သည့် ဒေါ်ပိုအား ဆိုင်ကယ်ဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ၁၁ ရပ်ကွက် မအူပင်လမ်းထိပ်မှာ ဆိုင်ကယ်နဲ့ဝင်တိုက်မိတဲ့ညက အဲဒီရဲနှစ်ယောက်လုံး အရက်မူးနေ ကြတာပါ။ ဆိုင်ကယ်နဲ့ဝင်တိုက်မိတော့ ဘေးနားမှာရှိတဲ့လူတွေက ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ကြတာပေါ့။ အဲဒါကို ရဲတွေက ဓာတ်ပုံရိုက်တဲ့သူတွေဆီက ဖုန်းတွေကို အတင်းလုယူသွားတယ်။ Facebook ပေါ်ကို ဓာတ်ပုံတွေတက်မသွားအောင် သတင်းဖုံးတာပါ” ဟု ၎င်းကဆိုသည်။

ထို့နောက် ဆိုင်ကယ်တိုက်ခံရသူဒေါ်ပိုအား မော်လမြိုင်ကျွန်းဆေးရုံမှ မအူပင်ဆေးရုံသို့ ညတွင်းချင်းပို့ ဆောင်လိုက်သည်ဟုသိရပြီး မအူပင်ဆေးရုံမှတဆင့် ရန်ကုန်သို့ပို့ဆောင်လိုက်သည်ဟု မော်လမြိုင်ကျွန်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ဆိုင်ကယ်ဖြင့်တိုက်ခံရသူဒေါ်ပိုသည် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ ရွှေလမင်းဆေးရုံတွင် အရေးပေါ်လူနာအဖြစ်ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံကဆက်လက်ပြောကြားသည်။

မော်လမြိုင်ကျွန်းမြို့နယ် စစ်ကောင်စီနှင့် မြို့နယ်စခန်းမှူးအပါအဝင် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများက အရက်မူးကာဆိုင်ကယ်ဖြင့်ဝင်တိုက်ခဲ့သည့် ဒုရဲအုပ်လှိုင်ဝင်းထွန်း(နယ်ထိန်းခေါင်းဆောင်)နှင့် ရဲတပ်သား ကိုကိုနိုင်တို့ကို အရေးယူခြင်းတစ်စုံတစ်ရာမရှိကြောင်း၊ ၎င်းတို့နှစ်ဦးမှာ မြို့ပေါ်တွင် ပေါ်ပေါ်ထင်ထင် သွားလာနေကြကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...
July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...