ပူတာအိုဒေသတွင် သဘာဝဆေးမြစ် ရှာဖွေရန် ခက်ခဲလာသည့်အပြင် ဈေးကောင်းလည်း မရှိခြင်းကြောင့် စားဝတ်နေရေး ခက်ခဲနေ

ပူတာအိုဒေသတွင် သဘာဝဆေးမြစ် ရှာဖွေရန် ခက်ခဲလာသည့်အပြင် ဈေးကောင်းလည်း မရှိခြင်းကြောင့် စားဝတ်နေရေး ခက်ခဲနေ

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုဒေသက ဆေးမြစ်ရှာဖွေပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ ဒေသခံတွေဟာ အခုနောက်ပိုင်း သဘာဝဆေးမြစ် ရှာဖွေရတာခက်ခဲလာသလို ဈေးကောင်းလည်း မရရှိတဲ့အတွက် စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ သိရပါတယ်။

Covid –19 ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် နယ်စပ်ဂိတ်ပိတ်ပင်ထားတာကြုံတွေ့ရသလို ရှားပါးလာတဲ့ဆေးမြစ်တွေကို ခက်ခဲစွာရှာဖွေရပေမယ့် ဈေးကောင်းမရရှိတဲ့အပြင် ဆက်တိုက်မြင့်တက်နေတဲ့ ကုန်စည်ဈေးနှုန်းတွေကြောင့် အခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“အရင်တုန်းက အဲဒီလောက်ရှာဖွေတဲ့သူ မရှိတဲ့အခါမှာ နည်းနည်းပါးပါးတော့ တောထဲမှာ ဆေးတွေရှိတယ်။ အခုဆို ပိုပိုပြီး ပြောင်သွားတာပေါ့နော်။ ရတာတွေကလည်း ဈေးကောင်းကောင်းမရောင်းရဘူး ။ ရှားလည်းရှားတယ်။ တော့်တော့်ကိုလည်း ခက်ခက်ခဲခဲရှာရတယ်။ ခက်ခက်ခဲခဲရှာပြီးတော့မှ နည်းနည်းပါးပါးပဲရတဲ့ဟာတွေကလည်း ဈေးမရှိတဲ့အခါ မိသားစုပေါင်းများစွာက စားသောက်ဖို့ မလုံလောက်ဘူး။”လို့ ဆိုပါတယ်။

ရှီးပတီ၊ ခန်းတောက်မြစ်၊ ဖေးချီ၊ ခါ့မရ၊ ဆားချီ စတဲ့သဘာဝဆေးမြစ်တွေကို ခက်ထန်ကြမ်းတမ်းတဲ့ တောတောင်ချိုင့်ဝှမ်းတွေနဲ့ ရေခဲတောင်တန်းတွေမှာ ခက်ခက်ခဲခဲရှာဖွေရတာဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တောစီးဖိနပ်တွေ ဝယ်ယူရရှိဖို့ ခက်ခဲလာတာကြောင့်လည်း ဆေးမြစ်ရှာဖွေသူတွေ အခက်ကြုံနေရတယ်လို့ လည်း သိရပါတယ်။

“ ဘယ်လောက်ထိအခက်အခဲရှိလဲဆိုရင် ဆေးမြစ်ရှာဖွေနေတဲ့သူတွေက ကြမ်းတမ်းတဲ့လမ်းပေါ်မှာ တောစီးဖိနပ်တွေ ၊ မိုးကာတွေဝတ်ပြီးမှ ရှာဖွေတာပါ။ အခုနောက်ပိုင်း နိုင်ငံရေးမကောင်းတဲ့အချိန်မှာ တောစီးဖိနပ်ကအစ စစ်ကောင်စီကနေ တရားဝင် မရောင်းခိုင်းဘူးပေါ့နော်။ တရားမဝင်တဲ့အရာတွေလို့ သတ်မှတ်လိုက်တဲ့အခါမှာ အဲဒါတွေလည်း သူတို့အတွက် အရမ်းအခက်အခဲရှိတယ်။”လို့လည်း ဒေသခံက ဆိုပါတယ်။

အဲဒီဆေးမြစ်တွေကို တရုတ်ပြည်ဘက်က အများဆုံးဝယ်ယူတာဖြစ်ပြီး ဝယ်သူရှိခဲ့ရင် ဈေးကောင်းရပေမယ့် ဝယ်သူမရှိခဲ့ဘူးဆိုရင်တော့  ဈေးမရကြောင်း နောင်မွန်ဒေသခံတစ်ဦးကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဈေးက ပုံမှန်မရှိဘူး။ အရင်က ဆားချီခေါ်တဲ့ ပိန်းဥတစ်မျိုးက ဈေးကောင်းတဲ့အချိန်တုန်းကဆိုရင် တစ်ပိဿာကို လေးသိန်း ၊ အခုကျတော့ ဈေးလုံးဝကို မရှိတော့တာ။ သူတို့ဝယ်ချင်တဲ့အချိန် ၊ သူတို့လိုအပ်တဲ့အချိန်ကျတော့ ဈေးကောင်းပေးတယ်။ မလိုတော့ရင်တော့ ရောင်းလို့လည်း မရတာပေါ့။”လို့ ဆိုပါတယ်။

ပူတာအို၊ခေါင်လန်ဖူး ၊ပန်နန်းဒင် ၊နောင်မွန် စတဲ့မြို့နယ်တွေက ဒေသခံအများစုဟာ တောတောင်တွေထဲက သဘာဝ ဆေးမြစ်ရှာဖွေပြီး အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...