စစ်ကောင်စီ စစ်ကြောင်းရောက်ရှိနေသော ပေါက်တောမြို့နယ် သဲခုံရွာအနီးတွင် ကြိုးတုတ်သေဆုံးနေသော အလောင်းနှစ်လောင်း ကမ်းတင်တွေ့ရှိ

စစ်ကောင်စီ စစ်ကြောင်းရောက်ရှိနေသော ပေါက်တောမြို့နယ် သဲခုံရွာအနီးတွင် ကြိုးတုတ်သေဆုံးနေသော အလောင်းနှစ်လောင်း ကမ်းတင်တွေ့ရှိ
သဲခုံရွာမှ ငါးလုပ်ငန်း တစ်ခုကို တွေ့ရစဉ်
သဲခုံရွာမှ ငါးလုပ်ငန်း တစ်ခုကို တွေ့ရစဉ်

စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေသော ပေါက်တောမြို့နယ်၊ မြေငူကျွန်း အရှေ့ဘက်ခြမ်းကမ်းခြေ သဲခုံရွာအနီးတွင် ယနေ့နံနက်က ကြိုးတုတ် သေဆုံးနေသော အလောင်းနှစ်လောင်း ကမ်းတင်လျှက်တွေ့ရှိရကြောင်း ဒေသခံရွာသားများက ပြောသည်။

အလောင်းတွေ့ရသည့်နေရာများမှာ ပေါက်တောမြို့နယ်၊ မြေငူကျွန်း အရှေ့ဘက်ခြမ်းရှိ သဲခုံရွာအနီးရှိ  ပြိုင်းတောင်ရွာနှင့်ချိုင်ပြင်ရွာကြား မြစ်ကမ်းတို့တွင် ဖြစ်ကြောင်း သိရသည်။

သဲခုံရွာနားတွင်တွေ့ရသည့်အလောင်းမှာ အမျိုးသားဖြစ်ပြီး သေဆုံးချိန် ကြာမြင့်နေပုံရကာ ရုပ်ပျက်နေပြီဟု သဲခုံရွာဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဒီနေ့မနက်က သူများရွာတွေက ပါးလာတာထင်တယ်။ ကိုယ့်ရွာကတော့ အဲ့လိုမရှိဘူး။ သေတာကတော့အမျိုးသား ကမ်းတင်လို့များ ဆွဲချ ထားတာလား မသိဘူး။ လက်တွေ၊ ခြေတွေမှာ ကြိုးတွေ ချည်ထားတယ်"ဟု ပြောသည်။

အလားတူ ပြိုင်းတောင်ရွာနှင့် ချိုင်ပြင်ရွာကြားတို့တွင်လည်း အလောင်း တစ်လောင်း တင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အခုလည်း ရှိသေးတယ်နဲ့တူတယ်။ ကြည့်ရတာသိပ်မသဲကွဲဘူး။ အမျိုးသားပဲ ဖြစ်ဖို့များတယ်။ ဘေးပတ်ဝန်းကျင်ရွာတွေမှာလည်း သေတာ၊ ပျောက်တာ မကြားမိဘူး။ ဒါကြောင့် အခုဘယ်ကမှန်း မသိဖြစ်နေကြတယ်" ဟု ပြောသည်။

အလောင်းတွေ့ရှိသည့် သဲခုံကျေးရွာသို့  ဇူလိုင် ၅ ရက်နေ့က စစ်ကောင်စီ စစ်တပ်ကြောင်းတစ်ခု ရောက်ရှိလာခဲ့ပြီး အနီးပတ်ဝန်းကျင်တွင် သွားလာ လှုပ်ရှားမှုများရှိခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

၎င်းပြင် ယင်းစစ်ကြောင်းသည် ရွာထဲရှိ ဦးစိန်ကျော်မောင်အိမ်အား ဝင်ရောက်ရှာဖွေ မွှေနှောက်မှုများရှိခဲ့ပြီး ၎င်း၏ ရေခူဒိုင်ဆိုင်းဘုတ်ကိုလည်း ဖြုတ်ချပစ်ခဲ့သည်ဟုသိရသည်။  ဦးစိန်ကျော်မောင်မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု ရွာသားများက ပြောသည်။

"ဦးစိန်ကျော်မောင်ရဲ့ စက်လှေတွေသိမ်းယူသွားပြီးပြီ။ ပြီးတော့ သူ့ရဲ့ ရေခူဒိုင်ဆိုင်းဘုတ်တွေကိုလည်း ဖြုတ်ချပြီး စစ်သားတွေအဲ့မှာနေခဲ့ကြတယ်။ စစ်သားတွေဟာ ဒီကိစ္စတစ်ခုတည်းနဲ့တော့ ရွာကို တက်လာတာ မဟုတ်လောက်ဘူးလို့ထင်တယ်။ ဘာလို့ဆိုရင် သိမ်းစရာရှိတာလည်း သိမ်းပြီးပြီ။ ဟိုလူကလည်း စစ်သားတွေလာကတည်းက ရွာမှာမရှိတော့ဘူး။ စစ်သားတွေကတော့ ဒီနေ့ မနက်ကတော့ ပြန်ထွက်သွားကြတယ်" ဟု ရွာသားတစ်ဦးက ပြောဆိုသည်။

ယခု လူသေအလောင်းများတွေ့ရှိမှုမှာ စစ်ကောင်စီစစ်ကြောင်း ရောက်ချိန် နေချိန်နှင့် တိုက်ဆိုင်နေသော်လည်း မည်သူက ကြိုးတုတ်ပြီး သတ်ပစ်ခဲ့သည်ကို မသိရှိကြောင်း ကျေးရွာသားများက ပြောကြားသည်။

၎င်း အင်အားအများအပြား ပါသော စစ်ကြောင်းသည် ယနေ့ဇူလိုင် ၈ ရက် နံနက်အစောပိုင်းက ရွာကနေ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...