ပူတာအိုမြို့ ၊ ဒုတ္တန်ရပ်ကွက်က ခါကာဘို ဘိုးဘွားရိပ်သာမှာ လိုအပ်မှုတွေရှိနေ

ပူတာအိုမြို့ ၊ ဒုတ္တန်ရပ်ကွက်က ခါကာဘို ဘိုးဘွားရိပ်သာမှာ လိုအပ်မှုတွေရှိနေ

ခိုကိုးရာမဲ့ဘိုးဘွားတွေကို ကြည့်ရှု့စောင့်ရှောက်ထားတဲ့ ပူတာအိုမြို့ ၊ ဒုတ္တန်ရပ်ကွက်က ခါကာဘို ဘိုးဘွားရိပ်သာမှာ လိုအပ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ခက်ခဲတဲ့တောင်ပေါ်ဒေသတွေက အကူအညီကင်းမဲ့သူတွေနဲ့ ကျန်းမာရေးချို့တဲ့ နေတဲ့ ဘိုးဘွားတွေကို ကူညီပြုစုဖို့ရည်ရွယ်ဖွင့်လှစ်ထားတဲ့ အဲဒီ ခါကာဘို ဘိုးဘွားရိပ်သာဟာ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ ရိပ်သာဖြစ်တာကြောင့် ဘိုးဘွားတွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေးကိစ္စရပ်တွေမှာ ခက်ခဲမှုတွေရှိတယ်လို့ ရိပ်သာတည်ထောင်သူ ဦးဖလားဆင်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ရိပ်သာကို ဆရာကိုယ်တိုင်ပဲ ရှိတာနဲ့စလုပ်တယ်။ သိတဲ့သူလည်းသိပ်မရှိတော့ နည်းနည်းရုန်းကန်ရတာပေါ့။အစစအရာရာ စားဝတ်နေရေး ၊ တခါတလေတော့ ဆေးဝါးကုသဖို့ကအစလိုအပ်တာပေါ့နော်။ အခုကတောာ့ ချွေချွေတာတာနဲ့ပဲ အသက်ဆက်ဖို့အတွက် သွားတဲ့ပုံစံဖြစ်နေတယ်။ “လို့ ဆိုပါတယ်။

ရိပ်သာမှာ အစစအရာရာလိုအပ်မှုတွေရှိနေတာကြောင့် ပါဝင်လှူဒါန်းချင်သူတွေအနေနဲ့ အစားအသောက် ၊ငွေရေးကြေးရေး ၊ အဝတ်အစား စသဖြင့် ပါဝင်ကူညီဖို့ ဖိတ်ခေါ်ချင်တယ်လို့လည်း ဦးဖလားဆင်က ဆက်လက်ပြောပါတယ်။

“ လက်ရှိအနေအထားကတော့ သူတို့တစ်ခုခုဖျားနာတဲ့အခါ အရေးအကြောင်းကြုံရင်တော့ ငွေရေးကြေးရေးပိုင်းခက်ခဲတာတော့ ရှိတယ်။ဒါပေမယ့်လဲ တတ်နိုင်တဲ့အနေအထားနဲ့ပဲ လည်ပတ်နေတာပေါ့။ ဘာမှလုပ်နိုင်တဲ့ခွန်အားမရှိဘူး ချိနဲ့ပြီးမှ တစ်ချိန်လုံးဖျားနာတဲ့သူလည်း ရှိတယ်။အချိန်ပြည့် သူတို့ကို ကလေးလိုပြန်ကြည့်ရတဲ့အနေအထားဖြစ်တဲ့အခါကျတော့ ဘယ်သူမဆို ပါဝင်တဲ့သူကတော့ ဘုရားကောင်းချီးရတယ်ဆိုတာလေးနဲ့ အားလုံးကိုပါဝင်ဖို့လည်းဖိတ်ခေါ်ချင်တာဖြစ်တယ်။” လို့လည်း ဦးဖလားဆင်က ဆိုပါတယ်။

လက်ရှိအဲဒီရိပ်သာမှာ အဘွား(၁၂)ဦး ခိုလှုံနေတာဖြစ်ပြီး အများစုဟာ အသက်(၇၀)အထက်နဲ့ ပူတာအိုဒေသကဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီအဘွားတွေကို ပြုစုစောင့်ရှောက်သူ နှစ်ဦးရှိရာကနေ တစ်ဦးပြန်သွားတာကြောင့် ပြုစုစောင့်ရှောက်ရာမှာ အခက်အခဲရှိနေတယ်လို့လည်း ဆိုပါတယ်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...