ရခိုင်ရှိ TA ဆရာ၊ ဆရာမ ၂ ထောင်ကျော် လစာမရရှိသေး၍ အခက်အခဲဖြစ်နေဟုဆို

ရခိုင်ရှိ TA ဆရာ၊ ဆရာမ ၂ ထောင်ကျော် လစာမရရှိသေး၍ အခက်အခဲဖြစ်နေဟုဆို

ရခိုင်ပြည်နယ်ရှိ အခြေခံပညာစာသင်ကျောင်းများတွင် TA ဟု ခေါ်သည့် တိုင်းရင်းသားစာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမ ၂ ထောင်ကျော်သည် ဇွန်လအတွက် လစာမရရှိသေး၍ အခက်အခဲဖြစ်နေကြောင်း ဆရာ၊ ဆရာမများက ပြောသည်။

ရခိုင်တွင် TA ဆရာ၊ ဆရာစုစုပေါင်း ၂၆၉၇ ဦးရှိသည်ဟု ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

သူတို့သည် ဇွန်လတစ်လလုံး နေ့စဉ်ပုံမှန် စာသင်ပြခဲ့ရသည့်အပြင် ကျောင်းအတွင်း ဆရာ၊ ဆရာမများ အတန်းမလာသည့်အချိန်များတွင်လည်း အစားထိုးဝင်ရောက်ပြသခဲ့ရသော်လည်း ယင်းလအတွက်လစာကို ယနေ့ ဇူလိုင်လ ၄ ရက်အထိတိုင် မရရှိသေးသဖြင့် အခက်ဖြစ်နေရကြောင်း ရသေ့တောင်မြို့နယ်မှ TA ဆရာမတစ်ဦးက နိရ ဉ္စရာသို့ပြောသည်။

"ကျောင်းဖွင့်တဲ့လ တစ်လလုံးစာပြထားတာကိုတော့ ပေးရမှာပေါ့နော်။ ကျောင်းပိတ်နဲ့လတွေမှာတော့ နေ့စားဖြစ်လို့ မပေးရင်လည်း ဘာမှမဖြစ်ဘူး။ ရခိုင်စာရယ်လို့မှ မဟုတ်ဘူး၊ KG အတန်းတွေဆိုရင်လည်း ဝင်ပေးရတယ်။ အခြားအတန်းတွေမှာလည်း စာသင်ပေးရသေးတယ်။ အခက်အခဲကတော့မျိုးစုံပါပဲ။ ကျမကတော့ကိုယ့်ရွာမှာဆိုတော့ အိမ်ကထမင်းစား၊ ချေးငှားပြီးသုံးနေရတော့ အဆင်ပြေသေးတယ်။ တချို့တွေဆိုရင် တခြားရွာက ဒီမှာတစ်လလုံးနေပြီး လာလုပ်နေရတဲ့အခါ တစ်လမှာ တစ်သိန်းကျော်လောက်နဲ့ ဘယ်လိုမှမလောက်ဘူး။ ဒါပေမယ့် နေကြရတာပါပဲ" ဟုပြောသည်။

လက်ရှိတွင် ဇွန်လကုန်၍ ၄ ရက်မြောက်အထိရောက်လာပြီဖြစ်သော်လည်း မည်သည့်အချိန်မှ လစာရမည်ကို မသိရှိရသေးဘဲ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးတို့ကလည်း အကျိုးအကြောင်းတစ်စုံတစ်ရာပြောဆိုခြင်းမရှိကြောင်း TA ဆရာ၊ ဆရာများက ပြောသည်။

ထို့အပြင် TA ဆရာ၊ ဆရာမများသည် နေ့စားဆရာ၊ ဆရာမများဖြစ်သော်လည်း အခြားဆရာ၊ ဆရာများနည်းတူ နေ့စဉ်အချိန်ပေးကာ စာသင်ပြပေးနေရသဖြင့် ယခုကဲ့သို့လစာမရချိန်တွင် မိသားစုလူဦးရေအများနှင့် ဆရာ၊ ဆရာမတို့တွင် စားဝတ်နေရေးအခက်အခဲဖြစ်နေရကြောင်း ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ TA ဆရာတစ်ဦးက ပြောသည်။

"စာလည်း ပုံမှန်ပြရတယ်။ နောက်ပြီးတော့ ကျောင်းမှာ ဆရာ၊ ဆရာမမလောက်ရင်လည်း အခြားဘာသာတွဲတွေယူပြီး ပြရသေးတယ်။ ဝန်ထမ်းလည်း ခန့်လည်းခန့်ထားတယ်။ တိုင်းရင်းသားစာလည်းပြရတယ်။ အခြားဘာသာတွေလည်းပြရတယ်။ ပိုက်ဆံလည်းမရတော့ အခက်အခဲဖြစ်ရပါတယ်။ ကျောင်းလည်း ပုံမှန်ပြနေရတော့ အပြင်အလုပ်လည်း လုပ်ဖို့မရဘူး။ လစာလည်းမရတော့ အခက်အခဲတွေဖြစ်နေရတယ်" ဟုပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှထွန်းစိန်ကို ဆက်သွယ်ရာ သူက "လစာပေးတာကတော့ ပညာရေးဝန်ကြီးဌာနက ပေးတာပါ။ ကျနော်တို့ဌာနနဲ့မဆိုင်ပါဘူး။ ကျနော်တို့က လျှောက်လွှာပဲ ပို့ပေးတာပါ" ဟုပြောသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်အား ဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

အဆိုပါ ဆရာ၊ ဆရာများကို ယခင်နှစ်များက ကျောင်းဖွင့်သည့် ရက်များတွင် တစ်နေ့လျှင် ငွေ ၄၅၀၀ ကျပ် ပေးခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစတင်၍ တစ်လလျှင် ငွေကျပ် ၁၃၀၀၀၀ ပေးအပ်ခဲ့သည်ဟု သိရသည်။

နေ့စားဆရာ၊ ဆရာမများသဖြင့် ကျောင်းပိတ်ထားသည့်လများတွင် လစာမရရှိခဲ့ကြဟုလည်း ဆိုကြသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...