စစ်ကောင်စီတပ်၏ဖမ်းဆီးခံထားရပြီးနောက် ပျောက်ဆုံးနေသူများ၏ အမည်စာရင်းများတစ်ဦးပြီးတစ်ဦးထွက်ပေါ်လာ၊ ပျောက်ဆုံးသူများလည်းရှိနေသေး

စစ်ကောင်စီတပ်၏ဖမ်းဆီးခံထားရပြီးနောက် ပျောက်ဆုံးနေသူများ၏ အမည်စာရင်းများတစ်ဦးပြီးတစ်ဦးထွက်ပေါ်လာ၊ ပျောက်ဆုံးသူများလည်းရှိနေသေး

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံး နေသူများ၏ အမည်စာရင်းများ တစ်ဦးပြီး တစ်ဦးထွက်ပေါ်လာနေပြီး  ကျောက်တော်မြို့နယ်၊ပန်းဖဲချောင်းကျေးရွာမှ လူငယ်တစ်ဦးလည်း စစ်တပ်က ဖမ်းဆီးပြီးနောက် ၁၀ရက်ကြာ သတင်းအစ အနမရဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။

၎င်းပျောက်ဆုံးနေသူမှာ Capitalဆေးလိပ်ကုမ္ပဏီမှ ဒရိုင်ဘာ ကိုဇော်မိုးထက်(၂၇)နှစ်ဖြစ်ပြီး ၎င်းကိုဇွန် ၂၁ ရက်နေ့တွင် ကျောက်တော်မြို့ အဝင်ရှိ သုံးလမ်းဆုံတွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးသွားခဲ့သည်ဟု မိသားစုဝင်တဦးကပြောသည် ။

“ဇော်မိုးထက်က စစ်တွေမှာရှိတဲ့Capital ဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ကားဒရိုင်ဘာလုပ်လို့ မိသားစုကို ကျွေးမွေး နေတာပါ။ အဲဒီနေ့ မှာ သူအပါအဝင် သူတို့ဝန်ထမ်းသုံးယောက်က မြောက်ဦးမြို့ကနေ ဆေးလိပ်ဖိုး ပိုက်ဆံကောက်ပြီးတော့ ကျောက်တော်မြို့ထဲကို ဝင်တာ။ အဲဒီအချိန်မှာ စစ်သားတွေက စစ်‌တော့ သူ့ဖုန်းမှာ AAရဲဘော်တစ်ဦးနဲ့ တွဲရိုက်ထားတဲ့ ပုံတစ်ပုံ တွေ့သွားတယ်လို့ပြောတယ်။ ဇီးချောင်း သင်္ကြန်ခါတွဲရိုက်ခဲ့တဲ့ပုံ။ အဲဒါကြောင့် သူ့ကိုဖမ်းသွားတယ်။ ကျန်နှစ် ယောက် ကိုတော့ မဖမ်းဘဲလွတ်လိုက်တယ်လို့ သိရတယ် ”ဟု ဆိုသည်။

ကိုဇော်မိုးထက် ဖမ်းဆီးသွားပြီးနောက် ဇွန်လ ၂၂ရက်နေ့ နံနက်ပိုင်းတွင် မိသားစုဝင်များက ကျောက်တော်တပ်မ စကခ (၉) သို့ သွားရောက် မေးမြန်းခဲ့ရာ ၎င်းမှဂိတ်စောင့် တာဝန်ကျနေသည့် စစ်ကောင်စီ တစ်ဦးက မရှိဟုပြောဆိုလိုက်သဖြင့် ပြန်လှည့်ခဲ့ရ သည်ဟု အထက်ပါမိသားစုဝင်က ပြောသည်။

“သူ့ကို ဖမ်းတာကတော့ တပ်မ (၁၁) တပ်က ဗိုလ်ကြီးတစ်ယောက် ဖမ်းတာပါ။  အဲဒီတပ်က ဗမာပြည်က လာတာလို့ သိရပါတယ်။ အရင်ဆုံး အဲဒီတပ်ကို သွားပြီး ဖမ်းတဲ့ ဗိုလ်နဲ့တွေ့ခဲ့ တယ်။ သူပြောလိုက်တာက တပ်မကို ပို့လိုက်ပြီးလို့ ပြောလိုက်တယ်။ အဲဒါကြောင့် ကျွန်မတို့လည်း တပ်မကိုသွား မေးတော့ ဂိတ်စောင့် စစ်သားတွေက မရှိဘူးလို့ပြောကြတယ်။ အဲဒီအချိန်ကစလို့ ဒီနေ့အချိန်ထိလုံးဝ အဆက်အသွယ်မရ သေးတာ။ ကျွန်မတို့ အရမ်း စိတ်ပူနေကြရပါတယ်။ သူ့မှာအပြစ်ရှိတာမဟုတ်ဘဲနဲ့ အပြန်ဆုံး လွတ်ပေးစေချင်ပါတယ်”ဟု ဆိုသည်။

ကိုဇော်မိုးထက်မှာ ရက္ခိုင့်တပ်တော်(AA)မှ ထုတ်ပြန်ခဲ့သည့် ကျောက်တော်မြို့တွင် ဖမ်းဆီးခံရသူ အရေအတွက် ၇ဦး စာရင်းတွင် မပါရှိပေ။ ထိုသို့ အေအေ၏ စာရင်းထဲတွင် မပါဘဲ ပျောက်ဆုံးနေသူ အများအပြား ရှိနေသေးကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီကုန်းရွာမှ (ဘ) ဦးမောင်လှဝင်း (မိ) ဒေါ်မအေးခိုင် တို့၏ သား ကိုမောင်မောင်လင်း(၂၆)နှစ်သည်လည်း ဇွန် ၂၃ ရက်နေ့ ညက စစ်တွေမြို့ ကုန်တန်းရပ်ကွက်တွင် ဖမ်းဆီးသွားပြီးနောက် ၈ ရက်ကြာသည် အထိ မိသားစုနှင့် အဆက်အသွယ် မရဘဲ ပျောက်ဆုံး နေကြောင်း မိသားစုများက နိရဉ္စရာသတင်းဌာနကို ပြောသည်။

၎င်းအပြင် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ဦးကျော်သန်းမောင် (တုတ်တုတ်ချေမောင်းနှင်သူ)၊ နှင့် ပြည်တော်သာ ရပ်ကွက်မှ ဦးဇော်ဝင်းတို့ ၂ဦးမှာလည်း မိသားစုနှင့် အဆက်အသွယ်မရရှိဘဲ ရှိနေကြသဖြင့် မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...