ပြန်ပေးဆွဲခံခဲ့ရပြီးနောက် ပြန်လွှတ်လာသည့်ဆရာမ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရဟုဆို

ပြန်ပေးဆွဲခံခဲ့ရပြီးနောက် ပြန်လွှတ်လာသည့်ဆရာမ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရဟုဆို

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာတွင်တာဝန်ကျနေသည့် ဆရာမဒေါ်ဥမ္မာကျော်မှာ ပြန်ပေးဆွဲခံခဲ့ရပြီးနောက်  စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားနေရကြောင်း ဆရာမ၏အစ်ကိုတော်စပ်သူ ဦးဘဝင်းက နိရဉ္စရာကို ပြောသည်။

"သူလည်း စိတ်ဖိစီးမှုတွေ အရမ်းများလာတယ်လေ။ မိန်းခလေးလည်း ဖြစ်တယ်။ အခုက သူ့ရဲ့ကျန်းမာရေး၊ နေပုံထိုင်ပုံတွေ ကြည့်လို့ အားမလို အားမရဖြစ်နေတဲ့ အချိန်မလို့ နည်းနည်းတော့စောင့်ရမယ်။သူက အမြဲတမ်း ကြောက်လန့်နေပြီးတော့ တစ်ခုခုသွားမယ်ဆိုတောင် ကျွန်နော်မပါရင် မသွားရဲ၊ အဲ့လိုပုံစံမျိုးဖြစ်နေပါတယ်"ဟု ပြောသည်။

ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် ဆရာမဒေါ်ဥမ္မာကျော်တို့သည် ဇွန်လ ၁၆ ရက်က မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှရွာမှ မောင်တောမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ဆိုင်ကယ်ဖြင့် လာရောက်စဉ် လမ်းတွင် ပြန်ပေး ဆွဲခံခဲ့ရသည်။

၈ ရက်အကြာ ပြန်ပေးဆွဲဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ဦးဘိုဝင်းနှင့်  ဆရာဆရာမ ဒေါ်ဥမ္မာကျော်မှာ ပြန်လည်လွတ်မြောက်လာသော်လည်း ယခုကဲ့သို့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်မှုများရှိနေကြောင်း သူမ၏ အစ်ကိုဖြစ်သူက ပြောသည်။

"အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုပြန်ပေးဆွဲခံခဲ့ရတာ။ သူ့အသက်အရွယ်နဲ့က သူဖြစ်ပျက်နေတဲ့ဘဝနဲ့က သိပ်မျှတမှုမရှိဘူးလေ"ဟု ပြောသည်။

ပြန်ပေးဆွဲသမားများက ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း ၅ဝ ဖြင့် ပြန်ရွေးရန်တောင်းဆိုခဲ့သည့်အတွက် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့ဦးဆောင်သောတာဝန်ရှိသူများက ငွေများကို လွှဲပေးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် တက်ကနက်မြို့နယ် ခြံချောင်းကျေးရွာအနီးတွင် လွတ်ပေးခဲ့ပြီး ဇွန်လ ၂၃ ရက်နေ့ ညအချိန်တွင် ရခိုင်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ပြန်ပေးဆွဲခံရသည့်ပညာရေးဝန်ထမ်း ၂ ဦးအနေဖြင့် အခြားနယ်သို့ ပြောင်းရွှေ့ခွင့် အသနားခံစာတင်ပါက စဉ်းစားပေးသွားမည်ဟု ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်က နိရဉ္စရာကို ပြောသည်။

"သူတို့က မိမိနေထိုင်ရာဒေသကို နယ်ပြောင်းဖို့ အသနားခံစာကို အထက်တင်ပြပြီး စဉ်းစားပေးဖို့အပိုင်းပဲ ရှိတယ်"ဟု ပြောသည်။

အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲသွားခြင်းနှင့် ပတ်သက်ပြီး သတင်းမီဒီယာများကို အင်တာဗျူး ဖြေဆိုခြင်း မရှိသေးသဖြင့် ပြန်ပေးဆွဲခြင်းနှင့် ပတ်သက်ပြီး ကာယကံရှင်များနှင့် မေးမြန်း တင်ပြနိုင်ခြင်း မရှိသေးပါ။

၎င်းတို့ နှစ်ဦးအား အာဆာအဖွဲ့က ပြန်ပေးဆွဲခြင်း  ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က Twitter တွင် ဇွန်လ ၂၀ ရက်နေ့က ရေးသားပြောဆိုထားသော်လည်း ARSA အဖွဲ့က ငြင်းဆိုထားသည်။

April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...