သဲသောင်ပြင်ရဲ့ ငိုကြွေးသံ

သဲသောင်ပြင်ရဲ့ ငိုကြွေးသံ

မနက်မိုးလင်းပြီဆိုတာနဲ့ ကားအင်ဂျင်သံ အကျယ်ကြီးတွေ၊ ကားဟွန်းတီးသံ အကျယ်ကြီးတွေကို စစ်တွေကမ်းခြေဆင်းလမ်းတစ်လျှောက်မှာ တွေ့မြင်ကြရစမြဲပါ။ တေဘာလို့ခေါ်တဲ့ ကုန်တင်ကားကြီးတွေဟာ စစ်တွေကမ်းခြေက သဲတွေကို အပြည့်တင်ဆောင်လာပြီး အရှိန်နဲ့မောင်းနေကြလေ့ ရှိပါတယ်။ အရှိန်လျှော့လိုက်ရတဲ့ လမ်းကွေ့နေရာတွေမှာတော့ ဟွန်းတီးသံ၊ အရှိန်ပြန်တင်လို့ ပေါ်ထွက်လာတဲ့ အင်ဂျင်သံကြီးတွေဟာ ပတ်ဝန်းကျင်အတွက်တော့ နားပူစရာတစ်ခုအဖြစ်နဲ့ နေသားကျလို့တောင်နေပါပြီ။

သဲနှစ်ကျင်းကျော်ဆံ့တဲ့ ဒီကုန်တင်ကားကြီးတွေဟာ တစ်နေ့မှာ အကြိမ်ရေ ဆယ်ခေါက်လောက်ထိ ပြေးဆွဲလေ့ရှိကြပြီး တစ်နေ့မှာ သဲကျင်းနှစ်ရာလောက်ကို စစ်တွေကမ်းခြေက ထုတ်ယူနေကြတာလည်း ဖြစ်ပါတယ်။

စစ်တွေကျွန်းဟာ မယူ၊ ကုလားတန်၊ လေးမြို့မြစ်တို့ ပေါင်းဆုံရာကနေ ကုန်းမြေအဖြစ် ပေါ်ထွန်းလာတာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အဲဒီမြစ်ကြီးသုံးသွယ်ကပို့ချတဲ့ နုန်းတင်မြေမှုန့်တွေဟာ သဲမှုန်တွေအဖြစ်နဲ့ စစ်တွေကမ်းခြေကို ရောက်ရှိလာကြတာလည်း ဖြစ်ပါတယ်။

စစ်တွေဟာ ပြည်နယ်တစ်ခုရဲ့ မြို့တော်ဆိုပေမဲ့ သွားရောက်လည်ပတ်စရာနေရာ များများစားစားမရှိပါဘူး။ လူအများစုဟာ ရှုခင်းသာလမ်းနဲ့ စစ်တွေကမ်းခြေမှာသာ အနားယူအပန်းဖြေလေ့ ရှိကြပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သဲထုတ်ယူမှုတွေ များပြားလာနေတာကြောင့် စစ်တွေကမ်းခြေဟာ ဒဏ်ရာတွေနဲ့ ပြည့်နှက်လို့နေပါပြီ။

စီးပွားဖြစ်ထုတ်လုပ်သူတွေက ကုန်တင်ကားကြီးတွေနဲ့ နေ့စဉ်အစီးရေရာနဲ့ချီ ထုတ်ယူနေကြပြီး တပိုင်တနိုင် လုပ်ကိုင်သူတွေကလည်း သုံးဘီးယာဉ်တွေနဲ့ စိတ်ကြိုက်ထုတ်ယူနေကြဆဲပဲ ဖြစ်ပါတယ်။ သဲတင်ကားတွေ သွားလာနေတဲ့ လမ်းတစ်လျှောက်မှာလည်း မြင်မကောင်းအောင်ညစ်ပတ်နေပြီး မြို့တော်တစ်ခုရဲ့အင်္ဂါရပ်နဲ့ ဘယ်လိုမှမအပ်စပ်လှပါဘူး။

မနက်ပိုင်းဖြစ်ဖြစ်၊ ညနေပိုင်းဖြစ်ဖြစ် စစ်တွေကမ်းခြေနားကိုသွားရင် အမြဲတမ်းလိုလို မြင်တွေ့ရနေတဲ့ မြင်ကွင်းတစ်ခုက ကမ်းခြေကသဲတွေကို မိဘဆီကရတဲ့အမွေအနှစ်တစ်ခုလို အလုအယက် တူးယူနေကြတာကို မြင်တွေ့ကြရမှာပါ။

အားကစားကွင်းတွေနည်းပါးတဲ့ စစ်တွေမြို့မှာ လူငယ်တွေဟာ စစ်တွေကမ်းခြေမှာပဲ ဘောလုံးကစားလေ့ ရှိကြပါတယ်။ လက်ရှိမှာတော့ စစ်တွေကမ်းခြေဟာ တဖြေးဖြေးနိမ့်ဆင်းလာနေတာကြောင့် ဘောလုံးကစားတဲ့ သူတွေလည်း အခက်တွေ့နေကြတာကို မြင်တွေ့ရမှာပါ။

စုံစမ်းသိရှိရသလောက် စစ်တွေကမ်းခြေရဲ့တစ်မိုင်အကွာမှာ သဲထုတ်ယူခွင့်ပြုထားတယ်လို့သိရပေမယ့် ဘယ်ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးထားတယ်ဆိုတာတော့ မသိရသေးပါဘူး။ သဲတင်ကားကြီးတွေသာ သတ်မှတ်ပေးထားတဲ့နေရာတွေက ထုတ်ယူနေကြပေမဲ့လည်း သုံးဘီးယာဉ်တွေနဲ့ Hi Jet ယာဉ်တွေဟာ လူအများအပန်းဖြေတဲ့ စစ်တွေဟိုတယ်ရှေ့က သဲသောင်တွေကို တူးယူနေကြဆဲဖြစ်ပါတယ်။

လုပ်ပိုင်ခွင့် ကြီးကြီးမားမားကို ဘယ်သူတွေကခွင့်ပြုပေးထားလဲ စုံစမ်းကြည့်တဲ့အခါမှာတော့ အဓိက တာဝန်ရှိသူက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပဲ ဖြစ်ပါတယ်။ စည်းမဲ့၊ကမ်းမဲ့ သဲထုတ်ယူနေကြတာတွေကို ပြည်နယ်စစ်ကောင်စီအနေနဲ့လည်း အရေးယူမှုတွေလုပ်ဆောင်တာမျိုး မတွေ့ရဘဲ မသိကျိုးကျွံပြုလို့နေပါတယ်။ ဒီလိုနဲ့ စစ်တွေကမ်းခြေဟာ “ပြည်သူပိုင်”ဆိုတဲ့စကားနဲ့အညီ ကိုယ်ပိုင်မြေနေရာတစ်ခုလို ထင်မှတ်ပြီး တူးယူနေကြတာလားလို့သာ မေးခွန်းထုတ်ချင်ပါတော့တယ်။

စစ်တွေကမ်းခြေကနေ သဲထုတ်ယူခွင့်ကို ခွင့်ပြုထားတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခု ဖြစ်ပါတယ်။ မြစ်ကြီးသုံးသွယ်ကပို့ချတဲ့ နုန်းတင်မြေနှုန်းတွေဟာ နေ့စဉ်သဲအကျင်း ၂၀၀ လောက်ထိ မပို့ချနိုင်ပါဘူး။ လက်ရှိထုတ်ယူနေတာက နေ့စဉ် သဲကျင်းနှစ်ရာလောက် ထုတ်ယူနေတာဖြစ်တဲ့အတွက် ဒီကမ်းခြေကို ရေရှည်ထိန်းသိမ်းဖို့ဆိုရင် အကန့်အသတ်နဲ့သာ ခွင့်ပြုသင့်ပါတယ်။

မြို့နယ်စည်ပင်အနေနဲ့လည်း သဲကားမောင်းနှင်သူတွေကို စည်းကမ်းတင်းကြပ်လို့မရတာကြောင့် လမ်းမတွေပေါ်မှာ ပြန့်ကြဲကျန်နေရစ်တဲ့သဲတွေကိုသာ မကြာခဏ လိုက်ကျုံးနေတာတွေကိုသာ တွေ့မြင်နေရပါတယ်။

လက်ရှိရာသီဟာ ကျောင်းဖွင့်တဲ့ရာသီဖြစ်နေတာကြောင့် သဲကားမောင်းနှင်သူတွေဟာလည်း ဆင်ဆင်ခြင်ခြင် မောင်းနှင်ကြဖို့လိုပါတယ်။ တွေ့ရမြင်ရသလောက်က ကုန်တင်ကားမောင်းတာနဲ့မတူဘဲ ပြိုင်ကားမောင်းနှင် နေသလိုသာ တွေ့နေရတာကြောင့် လမ်းသွားလမ်းလာတွေနဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် စိုးရိမ်စရာပါ။

အများအားဖြင့် စစ်တွေကမ်းခြေကသဲတွေကို မြေဖို့တဲ့နေရာတွေမှာ အသုံးပြုနေတာကို တွေ့မြင်ရပါတယ်။ စစ်တွေကမ်းခြေက သဲအမျိုးအစားဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး သဲအမျိုးအစားမဟုတ်ပါ။ ဒါပေမဲ့လည်း တချို့လုပ်ငန်းခွင်တွေမှာ အသုံးပြုနေကြတာကို တွေ့မြင်နေရတာကြောင့် အဲဒီသဲအမျိုးအစားနဲ့ ဆောက်လုပ်တဲ့ အထပ်မြင့်အဆောက်အဦးတွေအတွက်ဆို စိုးရိမ်စရာကောင်းလှပါတယ်။

ကမ်းခြေကနေ မဆင်မခြင်သဲထုတ်ယူမှုတွေကို အာဏာပိုင်တွေသာမကပဲ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကလည်း အသိပညာပေးမှုတွေ လုပ်ဆောင်ပေးဖို့လည်း လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါမှလည်း ကမ်းခြေရဲ့အလှတရားကို ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။

သဲဝယ်ယူသူတွေအနေနဲ့ သဲကားတစ်စီးစာကို ငါးသောင်းကျပ်ကနေ ခြောက်သောင်းကျပ်အထိ ပေးဝယ်နေရတာကြောင့် သဲထုတ်ယူခွင့်ရထားသူတွေအတွက်ကတော့ အကျိုးအမြတ်ကို မြိုးမြိုးမြတ်မြတ် ရစေမှာဖြစ်ပါတယ်။ အဲဒီလို အကျိုးအမြတ်တွေများတာကြောင့်လည်း နေ့စဉ်နဲ့အမျှ အစီးရေရာချီ ထုတ်ယူနေကြတာလည်း ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေဟာ အာဏာရှိသူတွေနဲ့ပေါင်းပြီး သဘာဝသယံဇာတတွေကို ထုတ်ယူရောင်းစား ခဲ့ကြတာဟာဆိုရင်လည်း မြန်မာနိုင်ငံရဲ့ ပြယုဂ်တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ပုံမှန်စီးပွားရေးလုပ်ငန်းတစ်ခု လည်ပတ်အောင်ဆောင်ရွက်နေတာက အပြစ်ပြောစရာမဟုတ်ပေမဲ့ မတော်လောဘနဲ့ ရသမျှကို ထုတ်ယူသုံးစွဲနေတာမျိုးကိုကျတော့ ဝိုင်းဝန်းတားဆီးပေးကြဖို့ လိုအပ်ပါလိမ့်မယ်။

လက်ရှိမှာ စစ်တွေကမ်းခြေဟာ တစထက်တစ ယိုယွင်းလာနေပြီး အချိန်မီမထိန်းသိမ်းနိုင်ပါက ကမ်းခြေပတ်လမ်းကိုပါ ထိခိုက်လာနိုင်ပါတယ်။ ကမ်းခြေဟာ နိမ့်ဆင်းသွားတာကြောင့် အရင်က ဒီရေမရောက်တဲ့နေရာတွေကိုပါ ဒီရေက တိုက်စားလာနေပါတယ်။ ဒီအတိုင်းသာ ဆက်ပြီး တူးဖော်နေကြရင်တော့ ကျနော်တို့တွေအနားယူလေ့ရှိကြတဲ့ ကမ်းခြေပတ်လမ်းက ပလက်ဖောင်းတွေဟာ ကြာရှည်ခံနိုင်ပါဦးမလား။

ကမ်းခြေက လှိုင်းတားနံရံတွေကို တဝုန်းဝုန်းနဲ့လာရိုက်နေတဲ့ ရေလှိုင်းသံတွေဟာ သဘာဝတရားရဲ့ အဆင်တန်ဆာဆိုပေမဲ့ ဒဏ်ရာတွေပြည့်နှက်နေတဲ့ ဒီကမ်းခြေရဲ့လှိုင်းသံကတော့ ငိုရှိုက်သံနဲ့တူနေတယ်လို့သာ ခံစားမိပါတော့တယ်။

ရမ္မာကျော်စော - ရေးသည်။

March 29, 2024
ရခိုင်ပြည်၊ မောင်တောခရိုင်ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA)က...
စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds
March 29, 2024
စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်ခံရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊...
March 28, 2024
[The Diplomat တွင် Naw Theresa ရေးသားထားသော Last Flights Out of Sittwe ကို ဆီလျော်အောင်...
March 28, 2024
[The Diplomat တွင် Naw Theresa ရေးသားထားသော Last Flights Out of Sittwe ကို ဆီလျော်အောင်...