လယ်တောက ကောက်လာတဲ့ ဗုံးပေါက်ကွဲ ၄လ အရွယ်ကလေး သေဆုံး၊ ၂ဦးပြင်းထန်စွာ ဒဏ်ရာရ

လယ်တောက ကောက်လာတဲ့ ဗုံးပေါက်ကွဲ ၄လ အရွယ်ကလေး သေဆုံး၊ ၂ဦးပြင်းထန်စွာ ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ် ပန်ခုတ်ကျေးရွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လေးလအရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်းသတင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက် နေ့လည် ၁၂ နာရီဝန်းကျင်အချိန်တွင် ဖခင်ဖြစ်သူ လယ်တောမှ ကောက်ယူလာပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို အသက် ၇ နှစ် အရွယ် နှင့် လေးလပိုင်းအရွယ် ကလေးငယ်နှစ်ဦး အတူဆော့ကစားရာမှ ထိမိပြီးဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သူ့အဖေက ယာတောကနေ ကောက်လာခဲ့တဲ့ဗုံးပေါ့၊ အဲ့ဒါကို ကလေးငယ်နှစ်ဦးက ထိမိပြီး ပေါက်ကွဲသွားတယ်၊ လေးလအရွယ်ကလေးငယ်တော့ ပွဲချင်းပြီးသေပြီး သူ့အစ်ကိုနဲ့ အိမ်ထဲရှိနေတဲ့ အဖေဖြစ်သူက ဒဏ်ရာပြင်းပြင်း ထန်ထန်ရသွားတယ်၊ အခုတော့ သူတို့သားအဖကို ဆေးရုံမှာ တင်ထားတယ်” ဟု ပန်ခုတ်ရွာခံမှ အသက် ၃၀နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဖခင်ဖြစ်သူမှ ခြေသလုံးတွင် ဒဏ်ရာ ၃ ချက်နဲ့ ၇ နှစ်ဝန်းကျင်သားဖြစ်သူက ခြေထောက်၊ ဦးခေါင်း၊ ဝမ်းဗိုက်နှင့် လည်ပင်းတို့မှ (၁၅) ချက်မနည်းသည့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း လည်း သိရသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရှိသူ သားအဖ နှစ်ဦးကို မိုင်းယော်တိုက်နယ်ဆေးရုံမှ တစ်ဆင့် လားရှိုးမြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ဒီဖက်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့က များတော့ ဘယ်တပ်ဖွဲ့ရဲ့ လက်နက်အကြွင်းအကျန်တော့ မသိရပါဘူး၊ ပြီးတဲ့လမှာလည်း နားဖိုင်းကျေးရွာတို့ ခိုခမ်းကျေးရွာတို့မှာလည်း ဗုံးပေါက်ကွဲလို့ ကလေးတွေ သေဆုံးခဲ့တာ ရှိခဲ့ဖူးတယ်” ဟု ၎င်း အမျိုးသားက ဆက်ပြောသည်။

ပြီးခဲသည့် မတ်လ ၅ ရက်နေ့မှာလည်း ယော်တိုက်နယ်မှ ပန်ထိုလိန်ကျေးရွာအုပ်စု ခိုခမ်းကျေးရွာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ နှစ်ကျော် ကလေးငယ်အပါအဝင် ၃ ဦး သေဆုံးပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ သည်။

ထိုပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗုံးသည် မည်သည့်အဖွဲ့အစည်း၏ လက်နက်ဆိုသည်ကို မသိရှိရသေးပေ။

အဆိုပါ ဒေသအတွင်းတွင် MNDAA၊ KIA၊ TNLA စသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တို့အပြင် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့က သွားလာလှုပ်ရှားနေရာဖြစ်ကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...