ရွာငံမြို့နယ်အတွင်း ပြည်သူများကို PDF အကြောင်းပြပြီး စစ်ကောင်စီဖမ်းဆီးနေ

ရွာငံမြို့နယ်အတွင်း ပြည်သူများကို PDF အကြောင်းပြပြီး စစ်ကောင်စီဖမ်းဆီးနေ
ရွာငံမြို့နယ်တွင်းရှိ ဒေသခံပြည်သူ့အိမ်
ရွာငံမြို့နယ်တွင်းရှိ ဒေသခံပြည်သူ့အိမ်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများကို PDF တပ်ဖွဲ့နှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ အာဏာသိမ်း စစ်ကောင်စီတို့မှ နေအိမ်များ ဖျက်ဆီးပြီး၊ ပြည်သူတချို့ကိုလည်း ဖမ်းဆီးမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

ရွာငံမြို့နယ် ဆင်ဆာပြားကျေးရွာရှိ နေအိမ် (၁) လုံး နှင့် ကျောက်ငှက်ကျေးရွာရှိ နေအိမ် (၆)လုံး၊ ကား (၂) စီးတို့ကို စစ်ကောင်စီ မှ ဖျက်ဆီးခဲ့ပြီး၊ ဒေသခံ (၇) ဦးတို့ကို ဖမ်းဆီးသွားကြောင်း ရွာငံမြို့နယ် အသက် ၂၅ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က စစ်ကား နှစ်စီး အင်အားက ၃၀ လောက် ရွာထဲကိုဝင်လာပြီးတော့ အမည်စာရင်းတွေ ခေါ်တယ်၊ ပြီးတော့ ရွာလူကြီးနဲ့ အဲ့အိမ်တွေကို သွားပြီးဖျက်ဆီးကြတာ၊ သော့ဖျက်တယ်၊ ပြတင်းပေါက်တွေ ၊ တံခါးတွေ ဘီဒိုတွေ ရစရာမရှိအောင် ဖျက်ဆီးသွားတယ်၊ နောက် အိမ် ၆ လုံးပါသွားတယ်၊ အိမ်ရှင်တွေကတော့ ရှောင်နေကြရတယ်” ဟု ၎င်း လူငယ်ကဆိုသည်။

ထို့အပြင် ရွာထဲရှိ အမျိုးသား နှင့် လူငယ် ၇ ဦးကိုလည်း စစ်ဆေးမေးမြန်းရန် ရှိသူဟု ဆိုကာ နာမည်စာရင်းနှင့် တကွ ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သို့ နေရာ ခေါ်ဆောင်သွားကြောင်းလည်း မသိရသေးပေ။

အလားတူ ရွာငံမြို့နယ်မှ ဆင်ဆာပြားကျေးရွာရှိ နေအိမ် နှင့် ရွာသား ၇ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။



ရွာငံမြို့နယ်တွင်းရှိ ဒေသခံ ပြည်သူအိမ်ကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးသည့်ပုံ

“ရွာထဲကို စစ်ကား ၆ စီးဝင်လာပါတယ်၊ ကားနှစ်စီးနဲ့ လူ ၇ ယောက်ဖမ်းခေါ်သွားတယ်၊ ကျနော်တို့အိမ်ကိုလည်း ဖျက်ဆီးသွားတယ်၊ အခုဆို ရွာထဲမှာ လူလတ်ပိုင်းတွေအကုန်ထွက်ပြေးနေပြီ၊ ကျနော်တို့ကတော့ ရွာထဲကနေ ရှောင်ထွက်လာတာ ကြာပါပြီ၊ အိမ်ကိုသူတို့ (စကစ)တွေ လာဖျက်ဆီးသွားတဲ့ သတင်းကိုအမျိုးတွေဆီက သိရတယ်” ဟု ဆင်ဆာပြားကျေးရွာမှ အသက် ၂၀ ကျော် အမျိုးသားက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့သည် ၎င်းတို့ကို တော်လှန်တိုက်ခိုက်နေသည့် PDF များအား နှိမ်နင်းတိုက်ခိုက်ခြင်း မပြုလုပ်နိုင်သော်လည်း ဒေသခံ ပြည်သူလူထု နှင့် နေအိမ်ဖျက်ဆီးခြင်းများကို စစ်ဆင်ရေးသဖွယ် အသုံးပြု လာကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သားတို့သည် ရွာငံမြို့နယ်အတွင်း PDF များလှုပ်ရှားနေသည်ဟု ထင်မြင်ယူဆသည့် နေရာများကို အင်အားဖြန့်ကျက်ထားခြင်း၊ ကင်းပုန်းချထားခြင်းနှင့် ဒလန်သတင်းပေးမှုကြောင့် ရွာသားများကို သံသယမှု နှင့် ဖမ်းဆီးရိုက်နက် သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်းသိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...