ပြန်ပေးဆွဲခံရသည့် ပညာရေးဝန်ထမ်း ၂ ဦးကို ဘင်္ဂလာဘက်က မြန်မာဘက်သို့ လွှဲပြောင်းလိုက်ပြီ

ပြန်ပေးဆွဲခံရသည့် ပညာရေးဝန်ထမ်း ၂ ဦးကို ဘင်္ဂလာဘက်က မြန်မာဘက်သို့ လွှဲပြောင်းလိုက်ပြီ

ပြန်ပေးဆွဲခံခဲ့ရသည့် ပညာရေးဝန်ထမ်း ၂ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာပြည်သို့ တရားဝင်လွှဲပြောင်းလိုက်ပြီဖြစ်၍ ဘေးကင်းလုံခြုံရာသို့ ပြန်လည်ရောက်ရှိနေကြပြီဟု သိရသည်။

သူတို့ ၂ ဦးကို ယမန်နေ့ ဇွန်လ ၂၃ ရက် ည ၁၀ နာရီခွဲခန့်တွင် မောင်တော မြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားထိပ်၌ ကော့ဘဇားမြို့ အခြေစိုက် အမှတ် (၃၄) BGB နယ်ခြားစောင့် တပ်ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးက မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးထံသို့လာရောက်လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်ဟု ရခိုင်နေ့စဥ်သတင်းတွင် ဖော်ပြသည်။

နှစ်ဘက်ကိုယ်စားလှယ်ခေါင်းဆောင်များက စနစ်တကျလွှဲပြောင်းလက်ခံမှုများ ဆောင်ရွက်ခဲ့ရာ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင်လွှဲပြောင်းလက်ခံမှုပြီးစီးခဲ့ပြီး မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးသည် ဆရာနှင့် ဆရာမတို့နှစ်ဦးအား မော်တော်ယာဉ်ဖြင့်ခေါ်ဆောင်၍ ချစ်ကြည်ရေးတံတားမှ ထွက်ခွာခဲ့ရာ ည ၁၀ နာရီ ၅၈ မိနစ်တွင် သက်ဆိုင်ရာဌာနရှိ ဘေးကင်း လုံခြုံရာနေရာသို့ ပြန်လည်ရောက်ရှိနေပြီဟု သိရသည်။

သူတို့အရေးကူညီပေးခဲ့သည့် မောင်တောနံ့သာတောင်ဆရာတော် ဦးစရဏကလည်း "သူတို့ မနေ့ည ၁၀ နာရီကျော်မှာ ပြန်ရောက်ပြီ။ အခု နယ်ခြားစောင့် ဌာနချုပ်မှာ။ စစ်ဆေးနေကြသေးတယ်ထင်တယ်"ဟု နိရဥ္ဇရာကို အတည်ပြုမိန့်သည်။

ပြန်ပေးဆွဲခံထားရသော ဆရာနှင့် ဆရာမတို့နှစ်ဦးကို ပြန်လည် ကယ်တင်နိုင်ရေးဆောင်ရွက်နေသည့်ညှိနှိုင်းရေးအဖွဲ့သည် ပြန်ပေးဆွဲအဖွဲ့က တောင်းခံထားသည့် မြန်မာကျပ်ငွေ ၁၀၄၁ သိန်းအား ဇွန် ၂၂ ရက်နေ့တွင် အားလုံးလွှဲပေးခဲ့ပြီးနောက် ဆရာနှင့် ဆရာမနှစ်ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ)Kharang Khali(ရခိုင်) ကျေးရွာအနီး၌ လွှတ်ပေးခဲ့ကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးသည် ဇွန် ၂၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ သွားရောက်အကူအညီတောင်းခဲ့ရာ ဆရာတော်က ၎င်းကျေးရွာနေ ဦးကျော်ကျော်၏ နေအိမ်၌ ခေတ္တနေထိုင်ရန် အပ်နှံပေးခဲ့ကြောင်း သိရသည်။

နေ့လယ် ၁ နာရီခန့်တွင် တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ် ၂ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအားခေါ်ဆောင်၍ တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားကာ တရားဝင် လွှဲပြောင်း ပေးနိုင်ရေး နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့အချင်းချင်း ချိတ်ဆက် ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

သူတို့ ၂ ဦးသည် ဇွန်လ ၁၆ ရက်က မောင်တောမြို့နယ် သင်္ဘောလှကျေးရွာမှ မောင်တောမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ဆိုင်ကယ်တစ်စီးဖြင့်သွားစဥ် လမ်းတွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။

April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...