စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် အရပ်သားသေဆုံးသူ ၂၀၀၀ အထိရှိခဲ့ပြီ

စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် အရပ်သားသေဆုံးသူ ၂၀၀၀ အထိရှိခဲ့ပြီ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်နှင့် ခြောက်လကျော်အကြာတွင် စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း စစ်ကောင်စီမှ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူဦးရေ ၂၀၀၀ အထိရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏  ဇွန်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီ၏ ထိုလုပ်ရပ်များသည် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခြင်းဖြစ်သည့်အတွက် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်မရနိုင်သည်ဟု AAPP တာဝန်ရှိသူတစ်ဦးက DMG ၏မေးမြန်း ချက်ကို အီးမေးလ်မှတစ်ဆင့်ဖြေကြားထားသည်။

“ရှောင်လွှဲလို့လဲမရပါဘူး။ ဒီကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ ခေတ်အဆက်ဆက်လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်ခဲ့သူတွေက ပြစ်ဒဏ်ပေးခံရမှုကနေ လွတ်မြောက် နေခဲ့ကြတာပါ။ ဒီလိုပြစ်ဒဏ်ပေးခံရမှုမှ ကင်းလွတ်ခွင့်ရနေတဲ့အလေ့အထကြီးကို အခုနွေဦးတော်လှန်ရေးကနေ တိုက်ဖျက်သွားပါမယ်” ဟု ပြောသည်။

AAPP မှ ပြုစုထားသော မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၁၅၁) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၁၆၈) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်းသိရသည်။

ယင်းအပြင် ပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး(၂)ဦးအပါအဝင် (၇၄)ဦးမှာ သေဒဏ်ချ မှတ်ခံထားရပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ (၄၁)ဦးအပါအဝင် (၁၂၀)ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချ မှတ်ခြင်းခံထားရပြီဖြစ်ကာ လက်ရှိတွင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၅)ဦးရှိကြောင်း AAPPမှ ထုတ် ပြန်ထားသည်။

ဖမ်းဆီးခံထားရသူများထဲမှ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသူ (၂၁)ဦးရှိပြီး လက်ရှိတွင် ပြန်လည်လွတ် မြောက်လာသူ စုစုပေါင်း (၃၀၄၁)ဦးရှိပြီဖြစ်ကြောင်း AAPP ထုတ်ပြန်ချက်အရသိရသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသည့် ပြည်သူများအတွက် AAPP အနေဖြင့် ဂုဏ်ယူပြီး ကျဆုံးသွားသည့်ပြည်သူများ၏ မိသားစုများအတွက် တရားမျှတမှုရရှိအောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း AAPP တာဝန်ရှိသူမှ ပြောသည်။

“လက်ရှိမြန်မာနိုင်ငံကတော့ အာဏာရူးသူတစ်စုကြောင့် ကြေမွပျက်စီးနေပါပြီ။ အကြမ်းဖက်စစ်အုပ်စုက ရာဇဝတ်ပေါင်းများစွာကို ကျူးလွန်နေပြီး တော်လှန်ရေးအပြီးမှာတော့ ဒီကိစ္စများအတွက် ပြန်လည်ဆပ်ရပါမယ်” ဟု ၎င်းက ဆိုသည်။

AAPP၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တုန့်ပြန်ချက်ရရှိနိုင်ရန်အတွက် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကို ၂၀၀၀ ခုနှစ်က ထိုင်း-မြန်မာနယ်စပ်တွင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံရေးကြောင့်ဖမ်းဆီးခံရသူတို့၏ စာရင်းအချက်အလက်များအပြင် အကျဉ်းသားများလွတ်မြောက်ရေးနှင့် လွတ်လာသော နိုင်/ကျဉ်းများကို အကူအညီများလုပ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်သည်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်းက မတရားအသင်းအဖြစ်ကြေညာထားသည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကိုသိမ်းယူထားသည်မှာ လက်ရှိတွင် တစ်နှစ်ကျော်အထိကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း နိုင်ငံတစ်ဝှမ်း၌ စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြမှုများယနေ့အထိရှိနေဆဲဖြစ်သည်။

တစ်ဖက်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစ၍ တိုင်းရင်းသားလက်နက်တချို့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသလို ဒေသအသီးသီးမှာဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ နှင့်လည်း တိုက်ပွဲဖြစ်ပွားနေသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...