နေရပ်ပြန်သည့် ရွာငံစစ်ရှောင်တချို့ အဆက်အသွယ်မရ ပျောက်ဆုံးနေမှုများရှိနေ

နေရပ်ပြန်သည့် ရွာငံစစ်ရှောင်တချို့ အဆက်အသွယ်မရ ပျောက်ဆုံးနေမှုများရှိနေ
ရွာငံမြို့နယ် စစ်ကောင်စီ ဒေသခံပြည်သူအိမ် မီးရှို့ဖျက်စီး
ရွာငံမြို့နယ် စစ်ကောင်စီ ဒေသခံပြည်သူအိမ် မီးရှို့ဖျက်စီး

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ နေရပ်ပြန် စစ်ရှောင်ပြည်သူတချို့ တပတ်ကြာသည့်အထိ အဆက်အသွယ်မရ ပျောက်ဆုံးမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

ဒေသအတွင်း အာဏာသိမ်းစစ်ကောင်စီတို့၏ စစ်ဆင်ရေးအကြမ်းဖက်မှုများကြောင့် နေအိမ်များကိုစွန့်ခွာပြီး နီးစပ်သည့် မြို့ရွာများနှင့် တောတောင်များအထိ စစ်ဘေးတိမ်းရှောင်နေရသည့် စစ်ရှာင်များအနက် စားနပ်ရိက္ခာ ယူရန် နှင့် အခြေအနေသိရှိရန် နေရပ်ပြန်သူများသည် အဆက်အသွယ်မရပဲ ပျောက်ဆုံးမှုများရှိနေကြောင်း သိရသည်။

“ကျနော်တို့ရွာက ရွာသား ငါးယောက် ရိက္ခာယူဖို့ ပြန်သွားတာ တစ်ပတ်ကျော်နေပါပြီ၊ ၁၇ ရက်နေ့ကတည်းက အိမ်ပြန်သွားတာ အခုထိသတင်း အစအနမကြားရသေးဘူး၊ သက်ကြီးပိုင်းက အသက် ၅၀ ကျော်ဝန်းကျင်နှစ်ယောက် နဲ့ အသက် ၃၀ က သုံးယောက်ပါ၊ နှစ်ယောက်က သားအဖတွေပေါ့၊ ဖုန်းတွေလည်းဆက်မရဘူး” ဟု ၎င်းတို့နှင့် နီးစပ်သည့် ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းတို့သည် ရွာငံမြို့နယ်မှ နဘန်းကြီးကျေးရွာ၊ ဝါးရွက်ကျေးရွာ တို့မှ ဒေသခံများဖြစ်ကြပြီး လက်ရှိအချိန် အထိ အဆက်အသွယ်မရသေးသဖြင့် မိသားစုဝင် နှင့် ဆွေမျိုးများက စိုးရိမ်နေကြကြောင်း၎င်းက ပြောသည်။

ထို့အပြင် ဇွန်လ ၁၉ ရက်တွင် ပင်းတယမြို့သို့ စစ်ရှောင်ရောက်လာပြီး နေအိမ်အခြေအနေများ သိရှိရန်အတွက် ဒေါ်လေးဖြစ်သူနှင့်အတူ နေရပ်ပြန်သွားသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးလည်း အဆက်အသွယ် မရ ပျောက်ဆုံးနေကြောင်း သတင်းသိရသည်။

“သူတို့ကျတော့ အင်းနီရွာဘက်မှာနေတာပါ၊ တိုက်ပွဲဖြစ်လို့ စစ်ရှောင်လာကြသူမဟုတ်ပေမဲ့ စစ်ကောင်စီတွေကို ကြောက်လို့ ရှောင်လာကြာတာ အဲ့နဲ့က တခြားရွာက ရွာသားနဲ့ သူတို့လည်းပြန်သွားတယ်၊ သူများက အဆက် အသွယ်ရပေမဲ့ သူတို့နှစ်ယောက်က မရဘူးတဲ့၊ ဘာဖြစ်ကြတာလဲ မသိဘူး၊ လိုက်သွားကြည့်ဖို့ ပြင်နေကြတာ” ဟု ဖြစ်စဥ်သိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့မှာလည်း အဆိုပါ ကျောက်ပချုပ်ကျေးရွာ၊ အင်းနီရွာ နှင့် လေးရွာ ဘက်တို့တွင် ပစ်ခတ်သံများ ကြားရပြီး ဖမ်းဆီးခံရမှုများလည်း ရှိကြောင်း သတင်းများထွက်ရသည့်အတွက် ပိုပြီး စိတ်ပူ စိုးရိမ်ရကြောင်းလည်း ၎င်းတို့က ပြောသည်။

တခြား စာရင်းမသိရသည့် အဆက်အသွယ်ပျောက်နေသည့် ရွာငံစစ်ရှောင်ပြည်သူများလည်းရှိနေကြောင်း နှင့် လက်ရှိတွင် သက်ဆိုင်သူ နှင့် မိသားစုဝင်များက စိုးရိမ်စိတ်ကြီးမားနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတို့၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ရွာငံဒေသခံပြည်သူ ၈၀၀ ကျော်က နေရပ်စွန့်ခွာ ထွက်ပြေးနေကြောင်းလည်း သိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...