စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များ အဖွဲ့ ဦးဆောင် ဆရာတော် ဦးဓမ္မိကမှ “ ဆုံးဖြတ်ချက် သုံးရပ်ထဲမှာ နံပတ်တစ် အချက်ကတော့ မောင်တော- ဘူးသီးတောင်- ရသေ့တောင်ဒေသတွေမှာ နိုင်ငံတော် အစိုးရအနေနဲ့ လုံခြံုရေးတိုးမြင့်ပေးရန်နဲ့ ရခိုင် တိုင်းရင်းသားတွေကို ပြည်သူ့စစ်ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးကာ အစိုးရ လက်အောက်မှာ ထားရှိရေးတို့ကို တောင်းဆိုရန် ပထဆုံး အနေဖြင့် ဆုံဖြတ်ချက် ချခဲ့ပါတယ်” ဟု မိန့်ကြားသည်။
ဒုတိယ အချက်အနေဖြင့် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများမှာ ကာလတာရှည်စွာ ၎င်းဒေသတွင် ကူညီပေးနေကြသည့် နိုင်ငံတကာမှ အန်ဂျီအိုများ၏ တစ်ဖက်သတ် ဆောင်ရွက်နေသည့် အတွက် ဖြစ်သည်ဟု သုံးသပ်သဖြင့် မြန်မာနိုင်ငံမှ တစ်ချို့သော အန်ဂျီအိုများအား ၎င်းဒေသတွင် ကူညီပေးနေမှုများအား လုံးဝ လက်မခံနိုင်ကြောင်း တောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။
တတိယ အချက်မှာ ၁၉၈၂ နိုင်ငံသား အက်ဥပဒေဖြင့် နိုင်ငံသား ဖြစ်မှုကို မြန်မြန် စိစစ် ဆောင်ရွက်ရေး အတွက် နိုင်ငံတော် အစိုးရကို တောင်းဆိုရန်လည်း ဆုံးဖြတ်ခဲ့ကြကြောင်း ဆရာတော် ဦးဓမ္မိကမှ ပြောကြားသည်။
၎င်းတောင်းဆိုချက်များအတွက် များမကြာမီ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဆန္ဒဖော်ထုတ် တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
“ဘယ်နေ့ ဆန္ဒဖော်ထုတ်မယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။ ကော်မတီဝင်တွေက မြို့နယ်တွေနဲ့ ဆက်စပ်ညှိနိုင်းပြီး တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ယနေ့ ပြုလုပ်ခဲ့သည့် စစ်တွေ အစည်းအဝေးသည် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် လုံခြံုရေး ကျိုးပေါက်ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားများ အသတ်ခံခဲ့ရသဖြင့် လုံခြံုရေး တိုးမြှင့်နိုင်ရေး အတွက် နည်းလမ်းများ ရှာဖွေနိုင်ရန် စစ်တွေမြို့ရှိ အတုလမာရဇိန်ဘုရားကြီး ရင်ပြင်၌ နေ့လယ် ၁ နာရီမှ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။







