ပုဏ္ဏားကျွန်းတွင် ဖမ်းဆီးခံထားရသူ အရပ်သားများအထဲက ၈ ဦးကို စစ်တွေတပ်ရင်းတစ်ခုသို့ပို့ဆောင်

ပုဏ္ဏားကျွန်းတွင် ဖမ်းဆီးခံထားရသူ အရပ်သားများအထဲက ၈ ဦးကို စစ်တွေတပ်ရင်းတစ်ခုသို့ပို့ဆောင်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းတွင် ဖမ်းဆီးခံထားရသည့် အရပ်သားများအထဲက ၈ ဦးကို စစ်တွေမြို့ရှိ တပ်ရင်းတစ်ခုသို့  ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် ပို့ဆောင်လိုက်သည်ဟု သိရကြောင်း မိသားစုဝင်များကပြောသည်။

စစ်တွသို့ပို့ဆောင်ခံလိုက်ရသူများမှာ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်က နေအိမ်များအထဲသို့ ဝင်ရောက်လာပြီး ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ကိုမျိုးသွင်၊ ဦးဘလှိုင်၊ ဦးထွန်းလှိုင်၊ ဦးကျော်မင်း၊ ဦးမောင်ဝင်းသန်းနှင့် အခြားအမျိုးသား ၃ ဦးတို့ဖြစ်ကြသည်။

အပြစ်မရှိဘဲ နေအိမ်အထိ လာရောက်ဖမ်းဆီးခြင်းကိုခံခဲ့ရသလို မိသားစုများနှင့် အဆက်အသွယ် ဖြတ်ကာ စစ်တွေသို့ ပို့ဆောင် လိုက်သည့်အတွက် စိုးရိမ်ပူပင်နေကြရသည်ဟု အမည်မဖော်လိုသည့် ဖမ်းဆီးခံအမျိုးသားတစ်ဦး၏ သားဖြစ်သူက နိရဥ္စရာကိုပြောသည်။

“ကျွန်တော့်အဖေအပါအဝင် ၈ ယောက်လို့တော့သိရတယ်။ ဒီထက်လည်း များနိုင်တယ်ပေါ့။ စစ်တွေက မည်သည့် တပ်ရင်းကို ပို့လိုက်တာလဲဆို‌တာတော့ မသိရသေးဘူး။ စစ်တွေကိုပို့ခံရတာတော့ သေချာပါတယ်။ ကျွန်တော်တို့အဖေမှာ ဘာအပြစ်မှမရှိဘဲ အခုလိုဖမ်းဆီးခံလိုက်ရတော့ အရမ်း စိတ်မကောင်းလည်း ဖြစ်သလို ဒေါသလည်း ထွက်ပါတယ်”ဟု ပြောဆိုသည်။

ယင်းအပြင် ဇွန်လ ၁၈ ရက်နေ့တွင်လည်း ဖမ်းဆီးထားသည့် မြို့ခံအမျိုးသား ၄၀ ကျော်ခန့်တွင် ၃၀ ခန့်ကို ပြန်လည်လွတ်ပေးခဲ့သော်လည်း ကျန် ၁၀ ဦးခန့်ကို မလွှတ်ပေးဘဲ  ခမရ ၅၅၀ တပ်ရင်းက အတင်းအဓမ္မ လုပ်အားပေးစေခိုင်းနေသည်ဟု ခိုင်မာသည့် မြေပြင်သတင်းရင်းမြစ် တစ်ခုကပြောသည်။

“ဖမ်းဆီးခံရတဲ့သူတွေက အကုန်လုံးဘေးတွဲဆိုင်ကယ်မောင်းနေကြတဲ့ သူတွေ ဖြစ်တယ်။ ဖမ်းဆီးထားတဲ့လူများ ထဲက ၃၀ လောက်မှာ အိမ်ထောင်စု စာရင်းနဲ့ မယားတွေ၊ မိသားစုတွေက မှတ်ပုံတင်တွေပြလို့ လာထုတ်သွားခဲ့တယ်။ ကျန်တဲ့ လူတွေက အထောက်အထားမပြနိုင်လို့ဆိုပြီးတော့ ဘေးတွဲဆိုင်ကယ်တွေကို တပ်ရင်းရှေ့မှာ တန်းစီရပ်ထားပြီးတော့ ကင်းစခန်း သုံးခု ဆောက်ခိုင်းထားတယ်”ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများက ဆောက်လုပ်ခိုင်းထားသည့် ကင်းပုန်းစခန်းနေရာ ၃ ခုမှာ အောင်မင်္ဂလာကန် ရှေ့တွင် တစ်ခု၊ အေးစေတီအနီးရှိ လူပျံလက်ဖက်ခြောက်ထုတ်ရောင်းချနေသည့် ဆိုင်ရှေ့တွင် ၁ ခုနှင့် ဦးရာဇ်မြေလက်ဖက်ရည်ဆိုင် ရှေ့တွင် ၁ ခုတို့ဖြစ်ကြသည်။

“ဖမ်းထားလူတွေကများတော့ နာမည်တွေကိုတော့မရသေးဘူး။ ဘေးတွဲ သမားတစ်ယောက်ကိုလည်း တပ်ရင်းထဲမှာ ကြိုးနဲ့ တုတ်နှောင် ချည်ထားသေးတယ်”ဟုဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့တွင် ၅၅၀ တပ်ရင်းမှ စစ်ကောင် စီတပ်ဖွဲ့ဝင် ၂ ဦးကို AA ကဖမ်းဆီးခဲ့ရာ တစ်ဦးကို ဖမ်းဆီးရရှိခဲ့သော်လည်း နောက်တစ်ဦးမှာ လွတ်မြောက်သွားခဲ့ပြီးနောက် မြို့ခံအရပ်သားများမှာ ယခုလို အကြောင်းမဲ့ ဖမ်းဆီးခံနေရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းအနေဖြင့် အတည်ပြုချက် ရယူနိုင်ရန် စစ်တပ်ဘက်ကို မေးမြန်းလိုသော်လည်း ဖြေကြားပေးမည့်သူ မရှိသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...