ရခိုင်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက် စံချိန်တင်မြင့်တက်

ရခိုင်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက် စံချိန်တင်မြင့်တက်

ယခုနှစ်အတွက် ရခိုင်ပြည်နယ်၏တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းမှာ ယခင်နှစ်များထက် စံချိန်တင်မြင့်တက်သွားကြောင်း ယနေ့ ဇွန်လ ၁၇ ရက် နံနက်က ထုတ်ပြန်လိုက်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ရလဒ်အရ သိရသည်။

ရခိုင်တွင် ယခင် ၂ဝ၂ဝ ပြည့်နှစ်က အောင်ချက်ရာနှုန်း ၂၇ ဒသမ ၁၂ ရာခိုင်နှုန်းနှင့် ၂ဝ၁၉ ခုနှစ်က ၂၃ ဒသမ ၉၇ ရာနှုန်းသာရှိခဲ့သော်လည်း ယခုနှစ်တွင် ၄၇ ဒသမ ၂၅ ရာနှုန်းအထိထိုးတက်ကာ စံချိန်တင် မြင့်တက်သွားခဲ့သည်ဟု ဆရာ၊ ဆရာအသိုင်းအဝိုင်းက ပြောသည်။

စစ်တွေအထက(၄)ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်က “စံချိန်တင် မြင့်တက်တယ်လို့ပြောလို့ရတယ်။ မနည်း သိသိသာသာမြင့်သွားတာလေ။ အရင်က ၃ဝ လောက်ပဲရှိတယ်။ ဒီနှစ် ၄ဝ ကျော်ဆိုတော့ မြင့်တက် သွားတယ်ပေါ့။ တစ်နိုင်ငံလုံးမှာ အဆင့် ၄ လောက်ချိတ်တယ်လေ”ဟု နိရ ဥ္စရာကို ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးအနေဖြင့် ယခင်ထက်အောင်ချက်ရာခိုင်နှုန်း အများကြီး ကောင်းသွားသည်ဟုလည်း ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်က နိရ ဥ္စရာသို့ ပြောသည်။

"အောင်ချက်တက်လာတာကတော့ အေးချမ်းလို့ပေါ့။ မနှစ်ကပညာသင်နှစ်က ရခိုင်ပြည်နယ် အေးအေးချမ်းချမ်းစာသင်ကြားနိုင်ခဲ့လို့ပေါ့"ဟု ပြောသည်။

ယနေ့နံနက်ပိုင်းတွင် ရခိုင်အပါအဝင် တစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စာစစ်ဌာန အသီးသီးနှင့် www.myanmarexam.org တို့မှတဆင့် ထုတ်ပြန် ကြေညာလိုက်ပြီဖြစ်သည်။

လက်ရှိတွင် ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် မည်သည့်မြို့နယ်၊ မည်သည့်ကျောင်းက အောင်ချက်အကောင်းဆုံးနှင့် တစ်ပြည်လုံး အတိုင်းအတာဖြင့် ဂုဏ်ထူးရကျောင်းသူ၊ ကျောင်းသားစာရင်းတို့ကို ပြည်နယ်ပညာရေးမှူးရုံးက မသိရသေးဘဲ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထပ်မံထုတ်ပြန်ပေးသွားမည်ဟု ဦးဘထွီးစိန်က ပြောသည်။

ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်မှစ၍ ဧပြီလ ၉ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရခိုင်မှ ကျောင်းသူ၊ ကျောင်းသား ၄၁၇၅၅ ဖြေဆိုခဲ့ပြီး ယင်းအနက် ၁၉၇၂၉ ဦး ဖြေဆိုအောင်မြင်ခဲ့သည်ဟု ယနေ့ထုတ်ပြန်သည့်အောင်စာရင်းအရ သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတစ်နိုင်ငံလုံး၏ အောင်ချက် ၄၆ ရာခိုင်နှုန်းကျော်ရှိပြီး မွန်ပြည်နယ်က ၅၇ ဒသမ ၂၁ ဖြင့် အောင်ချက်အများဆုံးနှင့် ချင်းပြည်နယ်က ၂၆ ဒသမ ရ၈ ဖြင့် အောင်ချက်အနည်းဆုံးဖြစ်သည်ဟု သိရသည်။

April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...