SEZ ကိစ္စနှင့် လယ်သမားအရေး ဦးဆောင်ခဲ့သူ ကိုထွန်းကြည်ကို ငြိမ်းစုစီပုဒ်မဖြင့် ငွေဒဏ်ချမှတ်

SEZ ကိစ္စနှင့် လယ်သမားအရေး ဦးဆောင်ခဲ့သူ ကိုထွန်းကြည်ကို ငြိမ်းစုစီပုဒ်မဖြင့် ငွေဒဏ်ချမှတ်

ရခိုင်ပြည်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း (SEZ) ကိစ္စနှင့် ပတ်သက်ပြီး ဒေသခံ လယ်သမားများ အခွင့်အရေး ရရှိရေးအတွက် ဟောပြောပွဲပြုလုပ်ရာတွင် ဦးဆောင်ခဲ့သူ ကျောက်ဖြူဒေသခံ ကိုထွန်းကြည်အား မြို့နယ်တရားရုံးမှ  ငြိမ်းစုစီပုဒ်မဖြင့် ငွေဒဏ် (၃၀၀၀၀) ကျပ်ကို ငွေဒဏ်အဖြစ် အမိန့် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ပွဲပြုလုပ်မည့်အကြောင်းကို အာဏာပိုင်များထံ ခွင့်ပြုချက် မတောင်းခံခဲ့ဟုဆိုကာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) ဖြင့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က တရားစွဲတင်ခဲ့ပြီး ဇွန် ၁၆ ရက်နေ့က ကျောက်ဖြူမြို့နယ် တရားရုံးမှ ငွေဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ကာယကံရှင်ထံမှ သိရသည်။

“ ကျောက်ဖြူ အထူးစီးပွားရေဇုန် SEZ နှင့်ပတ်သက်ပြီးတော့ တောင်သူလယ်သမားတွေ နစ်နာမခံရအောင် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိအောင်ဆိုပြီးတော့ ကျနော်တို့က လယ်ယာမြေဆိုင်ရာ ဆွေးနွေးပွဲလုပ်တာကို သူတို့ဆီ ငြိမ်းစုစီ မတင်ဘူးဆိုပြီး အရေးယူခံရတာပါ ” ဟု ကိုထွန်းကြည်က DMG ကိုပြောသည်။

ကိုထွန်းကြည်မှာ ပြီးခဲ့သည်၂၀၂၀ ခုနှစ် မတ်လ ၂၀ က ကျောက်ဖြူမြို့နယ် ကုလဘာကျေးရွာတွင် ပြုလုပ်ခဲ့သည့် SEZ အတွင်း နစ်နာနေသည့် လယ်သမား အခွင့်အရေးရရှိရေးအတွက် လယ်ရာမြေ ဆိုင်ရာ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့သူဖြစ်ပြီး ထိုအမှုကို မတ်လ ၂၆ ရက်နေ့က အာမခံပေးခဲ့ကာ ခရီးလွန်နေသည့်အတွက် အချိန်ကြံ့ကြာခဲ့ ကြောင်း ကာယကံရှင်ပြောပြချက်အရ သိရသည်။

 “ ကျနော့်အိမ်ကို အရပ်ဝတ်နဲ့ ရဲတွေရောက်လာပြီးတော့ တရားရုံးကို ခေါ်သွားတာပါ။ တရားရုံးမှာ ဒဏ်ငွေ ၃၀၀၀၀ ချမှတ်ပြီး ကျနော့်ကို ပြန်လွှတ်လိုက်ပါတယ်။ ကျန်တာတော့ ထွေထွေထူးထူး သူတို့မလုပ်ပါဘူး ” ဟု ကိုထွန်းကြည်က ရှင်းပြသည်။

အဆိုပါအမှုကို ကျောက်ဖြူမြို့နယ် ယခင်အုပ်ချုပ်ရေးမှူး ဟောင်း ဦးစိုးမိုးကျော်မှ တရားလိုပြုလုပ်ခဲ့ခြင်းဖြစ်ကာ ၎င်းအမှုတွင် အရေးယူခံရသူ(၂)ဦးရှိပြီး ကျန်တစ်ဦးမှာ ၂၀၂၀ ခုနှစ် မတ်လကတည်းက မြို့နယ်တရားရုံးမှ ဒဏ်ငွေဖြင့် ချမှတ်စီရင်ခဲ့ပြီဖြစ်ကြောင်း ကိုထွန်းကြည်က ဆက်ပြောသည်။

“ အရေးယူ ခံရတာက (၂) ယောက်ပါ၊ ကျနော်ရယ် နှမ်းဖဲတောင်ရွာက ချမ်းမောင်နုရယ်ပါ။ ကျနော်တို့နှစ် ယောက်က ဒီပွဲကို ဦးဆောင်သူတွေ ဆိုပြီးတော့ အရေးယူခံခဲ့ရ တာပါ။ ကျနော်တို့နှစ်ယောက် မှာ ချမ်းမောင်နု ကတော့ ၂၀၂၀ ခုနှစ် ၅ လပိုင်းကတည်းက ဒဏ်ငွေနဲ့ စီရင်ချက်ချပြီးပါပြီ။ ကျနော်က ခရီးလွန်နေတဲ့အတွက် ဒီအမှုက မပြီးပြတ်ပဲ ကျန်နေခဲ့တာပါ ” ဟု ၎င်းက ဆိုသည်။

ကိုထွန်းကြည်အဖမ်းခံသည့် ဟောပြောပွဲတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် မတည်ဆောက်မီကာလတွင် စီးပွားရေဇုန်ဧရိယာအတွင်း ဒေသခံများ မိရိုးဖလာ မြေယာပိုင်ဆိုင်ခြင်းဓလေ့ကို အသိအမှတ်ပြု ဥပဒေထုတ်ပြန်ပေးရန်၊ မြေယာသိမ်းဆည်းခံရမည့် ဒေသခံများအတွက် မြေယာအစားထိုး လုပ်ဆောင်ပေးခြင်း၊ မြေယာလျော်ကြေးများအတွက် ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးခြင်းများ အမြန်ဆုံးလုပ်ဆောင်ရန်လည်း အစိုးရကို တောင်းဆိုခဲ့သည်။

တောင်းဆိုချက်ပါ ကိစ္စများကို မလုပ်ဆောင်သေးမီ ကာလအတွင်း စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် လုပ်ငန်းစဉ်ကို ရပ်တန့်ထားရန်လည်းပါရှိသည်။

ယင်းအပြင် ကိုထွန်းကြည်သည် SEZ နှင့်ပတ်သက်ပြီး အထူးစောင့်ကြည့်လေ့လာမှုများအတွက် ၂၀၁၂ ခုနှစ်က ကျောက် ဖြူဒေသ ကျေးလက်ဖွံဖြိုးရေး အသင်းကို ထူထောင်ကာ လူထုနစ်နာမှုများကို အစီရင်ခံစာ ကောက်ယူထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အတူ ရခိုင့်သယံဇာတ လှုပ်ရှားမှုအဖြစ် ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် စစ်တွေ ကျောက်ဖြူ လူထုလမ်းလျှောက် ဆန္ဒပြပွဲတွင်လည်း ဦးဆောင်ကော်မတီအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကျောက်ဖြူဒေသ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေစင်တာကို ထူထောင်ကာ SEZ အရေးနှင့်ပတ်သက်ပြီး လေ့လာစောင့်ကြည့်ရေးများ ဆောင်ရွက်နေသူဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်က တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်ဖြင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...