၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက် ပြန်မသွားနိုင်ဘူးလို့ KNU တုံ့ပြန်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက် ပြန်မသွားနိုင်ဘူးလို့ KNU တုံ့ပြန်

အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထပ်မံဖိတ်ခေါ်လာပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက် ပြန်မသွားနိုင်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထပ်မံတုံ့ပြန်လိုက်ပါတယ်။

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရောက်ရှိလာခြင်းမရှိသေးတဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ NCA လက်မှတ်ရေးထိုးရခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လာရောက်ကြဖို့ ဇွန် ၁၄ ရက်နေ့မှာ ထပ်မံဖိတ်ခေါ်လိုက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အခုလို ထပ်မံဖိတ်ခေါ်လာတာဟာ အရင်တွေ့ဆုံထားတဲ့ အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ဘယ်လိုမှအားရစရာမရှိလို့ ထပ်မံဖိတ်ခေါ်တာ ဖြစ်တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

ဒါပေမယ့် KNU အနေနဲ့ အရင်တည်ချက်အတိုင်း ဆက်လက် ရပ်တည်သွားမှာဖြစ်ပြီး၊ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးရင်  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက် ပြန်ရောက်သွားမှာ ဖြစ်တဲ့အတွက် အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေအောက်  ပြန်မသွားနိုင်ဘူးလို့ ဆိုပါတယ်။

“ သူတို့ဆွေးနွေးထားသူတွေနဲ့က အားရစရာမရှိဘူး ။ ဒါကြောင့် မဆွေးနွေးရသူတွေကို သူတို့ခေါ်နေတာ ။ မတွေ့ရသေးတဲ့သူက သူတို့နဲ့တိုက်ပွဲဖြစ်နေတာလေ ။ သူတို့က တစ်ချိန်လုံး လူတွေကို သတ်ဖြတ်မီးရှို့နေတာ ကျွန်တော်တို့က ဘယ်လိုလုပ် သွားတော့မှာလဲ ။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တော့ ကျွန်တော်တို့ ထပ်မသွားတော့ဘူး။ စစ်တပ်က နိုင်ငံရေးကထွက်ရင်တော့ တွေ့ဖြစ်မှာပါ” လို့ ဆိုပါတယ်။

ဒ့ါအပြင် စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်ရင် နိုင်ငံရေးထွက်ခွာမယ်ဆိုတဲ့ ကတိကို ပေးဖို့ လိုအပ်ကြောင်းနဲ့ နိုင်ငံတဝန်းက ပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်တာနဲ့ ထိုးစစ်ဆင်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့ လိုတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

ကေအဲန်ယူဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားချက်နဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေအားလုံး ပါဝင်ဆွေးနွေးတဲ့အခင်းအကျင်းမဖြစ်တာကြောင့် တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့မေလ ၉ ရက်နေ့က တရားဝင်ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီ ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၆ ဖွဲ့က တက်ရောက်ဆွေးနွေးထားပြီး ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့ကလည်း ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။

စစ်ကောင်စီနဲ့ ငြိမ်ချမ်းရေး ဆွေးနွေးနေတဲ့အဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ မရှိတဲ့အဖွဲ့တွေလည်း ဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...