ပလက်ဝတွင် ဖမ်းဆီးခံရသည့် ဒေသခံ ၆ ဦးနှင့် အဆက်အသွယ်လုံးဝမရ၍ မိသားစုများစိုးရိမ်နေ

ပလက်ဝတွင် ဖမ်းဆီးခံရသည့် ဒေသခံ ၆ ဦးနှင့် အဆက်အသွယ်လုံးဝမရ၍ မိသားစုများစိုးရိမ်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဖမ်းဆီးခံထားရသည့် ဒေသခံ ၆ ဦးနှင့် အဆက်အသွယ်လုံးဝမရ၍ စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရထားသူများမှာ ပလက်ဝမြို့မရာအိမ်မှူး ဦးမောင်ဝင်း၊ ပလက်ဝဒေသခံ ဦးမောင်မဲကျော့၊ အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်နှင့် အဘောင်သားကျေးရွာသား ၃ ဦးတို့ဖြစ်ကြသည်။

၎င်းတို့ကို ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်နှင့် ဇွန်လအစောပိုင်းတို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါင်ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးသွားပြီးနောက်ပိုင်းတွင် လုံးဝအဆက်အသွယ်မရဘဲ စစ်တပ်ဘက်မှလည်း တစ်စုံတစ်ရာလုံးဝအကြောင်းမကြားလာခြင်းတို့ကြောင့် စိုးရိမ်နေရကြောင်း ဖမ်းဆီးခံရသူများတွင်ပါဝင်သည့် ဦးမောင်မဲကျော့၏ မိသားစုဝင်တစ်ဦးက နိရ ဉ္စရာသို့ပြောသည်။

"ဖမ်းသွားတဲ့နောက်ပိုင်းကနေ အခုထိလုံးဝအဆက်အသွယ်မရသေးဘူး။ ၁၁ ရက်တောင်ရှိပြီ အခုဆိုရင်။ ရဲစခန်းကိုလည်း သွားပြီးစုံစမ်းကြည့်တယ်။ ဒါပေမယ့်လည်း ရဲဘက်ကို မပြောင်းဘူးလို့ သိရတယ်။ အမှုဖွင့်မယ်၊ ရုံးတင်မယ်ဆိုရင်လည်း အရင်ဆုံးတင်စေချင်တယ်။ အခုလိုလုံးဝအဆက်အသွယ်မရတာမျိုးနဲ့စာရင်။ ဒီကလည်း တတ်နိုင်သမျှ တရားရင်ဆိုင်သွားမယ်ပေါ့နော်။ အခုက လုံးဝသတင်းအစအနမရဘဲနဲ့ ဖျောက်ဖျက်ထားတယ်ဆိုတော့ မိသားစုတွေအနေနဲ့လည်း အရမ်းစိတ်ပူရတယ်" ဟုပြောသည်။

လက်ရှိတွင် သူတို့ကို ပလက်ဝအခြေစိုက်တပ်ရင်း ခလရ ၂၈၉ သို့ခေါ်ဆောင်စစ်ဆေးနေကြောင်း ဖမ်းဆီးခံထားရသူများတွင်ပါဝင်သည့် ရာအိမ်မှူး ဦးမောင်ဝင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဖမ်းခေါ်သွားပြီးနောက်ပိုင်းကနေ ဘာသတင်းမှမကြားရဘူး။ ဘာမှလည်း လာအကြောင်းကြားတာမရှိတော့ တစ်ခုခုဖြစ်နေမှာကို အရမ်းစိုးရိမ်နေရတယ်" ဟုပြောသည်။

၎င်းတို့အားဖမ်းဆီးပြီးသည့်နောက်ပိုင်းတွင် ပလက်ဝမြို့ထဲရပ်ကွက်များတွင် နေအိမ်များကို ဧည့်စာရင်းစစ်ခြင်းနှင့် အိမ်ထဲသို့ဝင်ရောက်ရှာဖွေမှုများပြုလုပ်ပြီး ပလက်ဝမြို့ရှိ စစ်ဘေးရှောင်စခန်းများသို့လည်း စစ်ကောင်စီတပ်သားများက သွားရောက်စစ်ဆေးမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့မရဲစခန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့အား ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ပြီးခဲ့သည့် မေလ ၂၆ ရက် နံနက် ၁ဝ နာရီခန့်က ပလက်ဝမြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သားကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများတင်းကျပ်နေကြောင်း ဒေသခံများက ပြောသည်။

April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...