ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ ပြည်သူ့စစ်များ အပေါ် သတိပေးစာ ထုတ်ပြန်ပြီးနောက် ကချင်ပြည်နယ် ဆဒုံးဒေသအတွင်းရှိ NDAK ပြည်သူ့စစ်များ လုံခြုံရေး ပိုမို တိုးမြှင့် ထားသည်ဟု ဒေသခံများက ပြောသည်။
ပြည်သူ့စစ် အမှုထမ်းများကို စစ်ကောင်စီ၏ လက်ပါးစေ မပြုလုပ်ရန်နှင့် အမြန်ဆုံး နှုတ်ထွက်ကြဖို့ရန် ဆဒုံးခရိုင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပြီးနောက်ပိုင်း ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် NDAK ပြည်သူ့စစ်စခန်းများတွင် လုံခြုံရေး တင်းကြပ်လာသည်ဟု ဒေသခံများက ပြောသည်။
“သူတို့ရဲ့စခန်း ပတ်ဝန်းကျင်မှာ မိုင်းဘာညာထောင်တာ အဲ့မျိုးပေါ့ သူတို့က။ ခါတိုင်း တော့ သူတို့ ပြည်သူ့စစ်တွေ စခန်းအနားတဝိုက်မှာ ဗုံးပေါက်ကွဲတာတို့ ဘာတို့မရှိဘူးလေ။ ဒါပေမယ့် သူတို့ ဒီ KIO က ကြေညာလိုက်တဲ့ နောက်ပိုင်းမှာ လုံခြုံရေး အရပေါ့။ မိုင်းဘာညာထောင် သူတို့စခန်းအနီးအနား။ ကျနော်တို့ နွားဘာညာ သွား ပေါက်ကွဲ၊ အဲလိုမျိုးတော့ ရှိတော့ ရှိတယ်” ဟု ဆဒုံး ဒေသခံတစ်ဦးက ပြောသည်။
KIA က ထုတ်ပြန်ချက် ထုတ်လိုက်သည့်နောက် ဆဒုံးမြို့၏ အရှေ့ဘက်၊ ကန်ပိုင်တီမြို့ အသွား လမ်းနဘေးရှိ အူရော်ဘွမ် ပြည်သူ့စစ်စခန်းနှင့် အနီးတဝိုက်တွင် မိုင်းထောင်ထားသည်ဟု ဆဒုံး ဒေသခံများက ပြောသည်။
NDAK ပြည်သူ့စစ်တပ်ဖွဲ့ဝင် အချို့ကလည်း လုံခြုံရေးသတိထားကာ အသွားအလာ ဆင်ခြင်နေကြသည့် အပြင် ဌာနေပြည်သူ့စစ်တပ်နှင့် စစ်ကောင်စီစစ်တပ်တို့ ပူးပေါင်းကာ ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာ သည်ဟု ဒေသခံအမျိုးသားတစ်ဦး က ဆက်ပြောသည်။
“သူတို့လည်း မခံချင်စိတ်နဲ့ ဟိုတလောတောင်မှ သူတို့ စာထုတ်ပြန်ပြီးနောက်ပိုင်းမှာ မြေပြင်စစ်ဆင်ရေးပုံစံ ပေါ့။ နည်းနည်းသူတို့ဘာညာ equipment တွေအပြည့်ပေါ့။ စစ်ဝတ်စုံတွေနဲ့ ဘာညာ ဟိုသွားဒီသွားပေါ့။ စစ် ရေး လှုပ်ရှားမှု နည်းနည်း လုပ်လာတယ်ပေါ့။ စစ်ကောင်စီရောပါ၊ ပြည်သူ့စစ်တွေ သူတို့ရဲ့ Control area ပေါ့ နော်။ စစ်ရေး ပြတဲ့ပုံစံနဲ့ နည်းနည်းလုပ်ကြပါတယ်။ ထုတ်ပြန်တဲ့နောက်ပိုင်းပေါ့။”
ဆဒုံးဒေသတွင်း ထိုသို့ စစ်ရေးတင်းမာလာမှုများကြောင့် ဌာနေတိုင်းရင်းသားများအချင်းချင်း ထိခိုက်မှုရှိလာမည် ကိုလည်း ဒေသခံများက စိုးရိမ်မှုတွေ ရှိနေကြောင်း သိရသည်။
ဆဒုံးဒေသအတွင်း ပြည်သူ့စစ်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားပြင်ဆင်နေမှုနှင့် KIO ၏ ထုတ်ပြန်ချက်တို့ကြောင့် ပြည်သူများက ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။
ဒေသခံ တစ်ဦးက “စိုးတော့စိုးရိမ်ရတယ်ပေါ့။ ကျနော်တို့က ဒီစစ်ရေးတင်းမာမှုတွေ ဖြစ်လာမှာ ပိုပြီးတော့ ကြောက်တယ်ပေါ့။ ပြီးရင် ဟိုဘက်ရော၊ ဒီဘက်ရော ကိုယ့်အချင်းချင်းဆိုတော့ တကယ်လို့များ ဖြစ်လာရင် မကောင်းဘူးပေါ့။ ဒီမှာနေတဲ့ ဒေသခံလူထုအတွက် လည်း မကောင်းဘူးပေါ့။ စစ်ပြန်ဖြစ်လာဆိုရင်ပေါ့” ဟု ပြောသည်။
ကချင်ပြည်နယ် ဆဒုံးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့က အမှုထမ်းများအား ဇွန်လ ၃၀ ရက်နောက်ဆုံးထားကာ နှုတ်ထွက်ကြရန် KIO ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးက မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်မှာ စစ်ကောင်စီက CDM လုပ်ဆောင်ထားသည့် ပညာရေးဝန်ထမ်းများကို အလုပ်ပြန်ဝင် ရန် ထုတ်ပြန်ကြေညာပြီးနောက် KIO က ထုတ်ပြန်လိုက်သည့် ကြေညာချက်ဖြစ်သည်။
နှုတ်ထွက်ခြင်းမရှိသည့် ပြည်သူ့စစ်အမှုထမ်းများ၏ နေအိမ်၊ ခြံ၊ လယ်ယာမြေများကို သိမ်းဆည်းယူမှာဖြစ်သည့် အပြင် နောက်ဆက်တွဲ့ ဖြစ်ပေါ် လာမည့် အကျိုးဆက်များကိုလည်း မိမိတို့ကိုယ်တိုင်ကသာ တာဝန်ယူ ရင်ဆိုင်ရ မည်ဟု KIO က သတိပေးထားသည်။
သို့သော် နှစ်ပတ်နီးပါးကြလာသည့်အချိန်ထိ နှုတ်ထွက်လာသည့်သူများကို မတွေ့ရှိရသေးဘူးဟု ဒေသခံများက ပြောသည်။
ဆဒုံးဒေသတွင် KIO/KIA၊ ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် NDAK ဌာနေပြည်သူ့ စစ်အဖွဲ့၊ စစ်ကောင်စီတပ်၊ နယ် ခြားစောင့်တပ်၊ လီဆူပြည်သူ့စစ်တပ်ဖွဲ့ စသည့် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသွားလာနေပြီး KIO/KIA က ပြည် သူ့စစ်တပ်ဖွဲ့ များကို သတိပေးထုတ်ပြန်လိုက်သည့်နောက် NDAK အဖွဲ့က လုံခြုံရေး တိုးမြင့်မှုများ ပြုလုပ်လာ ခြင်း ဖြစ်သည်။
ဆဒုံးဒေသအပါအဝင် မေလအတွင်း တနိုင်းမြို့နယ်၊ မြစ်ကြီးနားခရိုင်နှင့် ဟူးကောင်းခရိုင်စသည့် ဒေသများရှိ KIO/KIA အုပ်ချုပ်ရေးရုံးများက အလားတူ ထုတ်ပြန်ချက်များ တစ်ပြိုင်တည်း ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။







