တိုက်ပွဲများကြောင့် တနင်္သာရီတိုင်းတွင် စစ်ရှောင် ၁၉၀၀၀ အထိတိုးလာ

တိုက်ပွဲများကြောင့် တနင်္သာရီတိုင်းတွင် စစ်ရှောင် ၁၉၀၀၀ အထိတိုးလာ

တနင်္သာရီတိုင်းအတွင်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဇွန်လ ၄ ရက်နေ့ အထိ စစ်ရှောင်အရေအတွက် (၁၉၀၀၀)အထိ မြင့်တက်လာကြောင်း ဒေသခံစစ်ရှောင်အရေးကူညီပေးနေသည့်အဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် မေလမရောက်မီအချိန်တွင် စစ်ဘေးရှောင်အရေအတွက် (၇၃၀၀)ရှိခဲ့ရာမှ ယခုဇွန်လ လဆန်းပိုင်းတွင် စစ်ဘေးရှောင် ၂၀၀၀၀ နီးပါးတိုးလာနေသဖြင့် လက်ရှိတနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်ဦးရေ (၉၇၀၀)အထိ ရှိလာနေခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

“အရင်လတွေမှာ မေလမရောက်ခင်အထိ တနင်္သာရီတိုင်း နေရာအနှံ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် စစ်ရှောင်အရေအတွက် ၇၃၀၀ ရှိခဲ့တယ်။ မေလအတွင်းရောက်တော့ ဒေသခံ ၉၇၀၀ လောက်ထပ်ပြီး တိမ်းရှောင်ရတယ်။ အားလုံးပေါင်းရင်တော့ အခု စစ်ရှောင်ဦးရေ ၁၉၀၀၀ အထိရှိလာပြီ။ အခုအချိန်အထိလည်း စစ်ရှောင်တွေထပ်တိုးလာဖို့ရှိနေပါတယ်”ဟု စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။

အဆိုပါစစ်ဘေးရှောင်များမှာ လက်ရှိတွင် စစ်ဘေးရှောင်ယာယီစခန်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နီးစပ်ရာတောတောင်များအတွင်း၌ ယာယီခိုလှုံနေထိုင်နေရကြောင်းလည်း စစ်ရှောင်ကူ ညီရေးလုပ်ဆောင်သူများထံမှ သိရသည်။

ထို့အပြင် လိုအပ်သည့်စားနပ်ရိက္ခာများကို ယခုမိုးရာသီကာလအတွက် လုံလောက်စွာဖြည့်တင်းနေသော်လည်း အချိန်ကာလတစ်ခုသာ ထိန်းပေးထားနိုင်ကြောင်း စစ်ဘေးရှောင်များကို စားနပ်ရိက္ခာ ကူညီထောက်ပံ့သူများကဆိုသည်။

“အခုမိုးတွင်းအတွက် လိုအပ်တဲ့ဆန်ကိုတော့ လုံလောက်အောင်ဖြည့်နေတယ်။ အဲဒါကလည်း အချိန်ကာလတစ်ခုအတွက်ပဲ အဆင်ပြေမယ်။ ဒါတောင်မှ စခန်းတစ်ခုနဲ့ တစ်ခုအခြေအနေခြင်းမတူဘူး။ ဆန်ကိုတော့ လုံလောက်အောင် ဖြည့်တင်းထားပါတယ်”ဟု စစ်ဘေးရှောင်များကို စားနပ်ရိက္ခာထောက်ပံ့ပေးနေသူ တစ်ဦးကပြောသည်။

သို့သော် စစ်ဘေးရှောင်များအတွက် ကျန်းမာရေးကိစ္စရပ်များအတွက် ဆေးဝါးများမှာလုံလောက်စွာရရှိရန်ခက်ခဲနေကြောင်း လည်း စစ်ဘေးရှောင်များကို လိုက်လံကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

“ဆေးဝါးတွေကတော့ အခုအထိ အလုံအလောက်မရှိသေးဘူး။ ဆေးတွေပို့ပေးဖို့ခက်ခဲတာက အဓိကအကြောင်းအရင်းဖြစ်နေတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာနဲ့ တိုးရင်ပိုဆိုးတယ်။ လမ်းမမှာ စစ်ဆေးတာတွေရှိတာလည်းပါတယ်။ ရာသီတုပ်ကွေး၊ ငှက်ဖျားနဲ့ ဝမ်းရောဂါတွေအတွက် ကုသဖို့ဆေးဝါးတွေက အရေးတကြီးလိုအပ်နေပါတယ်”ဟု စစ်ဘေးရှောင်များကို ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းက မြိတ်၊ တနင်္သာရီ၊ ထားဝယ်နှင့် ထိုင်း- မြန်မာနယ်စပ် ထားဝယ်-ထီးခီးကားလမ်းမအနီးသို့ မြန်မာစစ်တပ်က စစ်ကြောင်းထိုးချီတက်မှုများကြောင့် ကေအန်ယူတပ်မဟာ(၄) KNDO ပူးပေါင်းအဖွဲ့နှင့် တစ်လနီးပါးကြာမြင့်စွာတိုက်ပွဲများဖြစ်ပွားခဲ့သည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...