ကိုဗစ်-၁၉ ထောက်ပံ့ငွေများ ပြန်ပေးရန် ဖိအားပေး

ကိုဗစ်-၁၉ ထောက်ပံ့ငွေများ ပြန်ပေးရန် ဖိအားပေး

ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အသီးသီးတွင် တောင်သူများထံမှ ၂၀၂၀ ခုနှစ် COVID-19 ကာလ ထောက်ပံ့ ငွေများကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ဖိအားပေး တောင်းနေသည်ဟု သိရသည်။

ယခင် NLD အစိုးရ လက်ထက် COVID-19 ရောဂါဖြစ်ပွားချိန်က တောင်သူများအား လယ်ယာလုပ်ငန်း ပြန်လည် ထူထောင်ရန်အတွက် ထုတ်ပေးသည့် ထောက်ပံ့ကြေးငွေများကို ဖိအားပေးကာ တောင်းနေသည်ဟု ဒေသခံ တောင်သူများက ပြောသည်။

“ကိုဗစ် ထောက်ပံ့ငွေတွေ ပြန်မပေးရင် ဒီနှစ်မိုးစပါး စိုက်ပျိုးစရိတ် ထုတ်မပေးဘူး ဆိုပြီး အတင်းအကြပ် တောင်းနေတာ” ဟု သာပေါင်းမြို့နယ် သံလျှက်စွန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

တောင်သူတစ်ဦးလျှင် တစ်ဧကကျပ် ငါးသောင်းနှုန်းဖြင့် ၁၀ ဧကအတွက် ကျပ်ငါးသိန်းကို အတိုးနှုန်း သတ်မှတ် ချက်နှင့် ပြန်လည်ပေးသွင်းချိန် သတ်ချက်မပါရှိဘဲ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများက ထုတ်ပေးခဲ့ခြင်း ဖြစ်သည် ဟု ဒေသခံတောင်သူများထံမှ သိရသည်။

ထို့အပြင် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်တွင် သမဝါယမ ချေးငွေထုတ်ထားသည့် တောင်သူများ အနေ ဖြင့် ချေးငွေ ပြန်လည် မပေးဆပ်ပါက ဖမ်းဆီးတရားစွဲဆိုသွားမည် ဟု စစ်ကောင်ခန့် အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာနေသည်ဟု ဒေသခံများက ပြောသည်။

မော်လမြိုင်ကျွန်း မြို့နယ်တွင် သာမက ပုသိမ်၊ မြောင်းမြ၊မအူပင်၊ ငပုတော၊ ကျောင်းကုန်း စသည့် မြို့နယ်များ တွင်လည်း သမဝါယမ ချေးငွေများကို ပြန်ဆပ်ရန် အုပ်ချုပ်ရေးအဖွဲ့က တစ်ဆင့် အကြောင်းကြားထားသည်ဟု ဒေသခံတောင်သူများထံမှ  သိရသည်။

“ဇွန်လ မကုန်ခင် ဆပ်ရမယ်တဲ့။ ပေးစရာလည်း ငွေမရှိ ပြေးစရာလည်း မြေမရှိဆိုတော့ လာဖမ်းလည်း ဖမ်း ပေါ့ မတတ်နိုင်ဘူး” ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသခံ တောင်သူ ဦးဖိုးကုလားက ပြောသည်။

ဆေးအိတ်၊ စက်သုံးဆီနှင့် သွင်းစုများ အဆမတန် စျေးမြင့်တက်ခဲ့သဖြင့် လယ်တစ်ဧက၏ စိုက်ပျိုး ထုတ်လုပ် စရိတ်မှာလည်း မြင့်တက်လာနေသည်ဟု ဧရာဝတီတိုင်းအတွင်းရှိ တောင်သူ လယ်သမားများ ကွန်ရက်ထံမှ သိရ သည်။

ယခင်က ကုန်ကျစရိတ်မှာ ကျပ်သုံးသိန်းဝန်းကျင်ခန့် ရှိခဲ့ရာမှ ၆ သိန်းကျပ် ကျော်ရှိလာသဖြင့်  ၂၀၂၁ ခုနှစ် မိုး စပါး စိုက်ပျိုးမှုတွင် တောင်သူများ အရှုံးပေါ် ခဲ့သည်ဟု ဧရာဝတီတိုင်း တောင်သူ လယ်သမားများ ကွန်ရက် အဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း၌ မြို့နယ် ၂၇ မြို့နယ်ရှိပြီး ဒေသအတွင်း နေထိုင်သူများအနက် ၇၀ ရာခိုင်နှုန်းမှာ ကျေး လက်ဒေသနေ တောင်သူများဖြစ်ပြီး မိုးစပါး စိုက်ပျိုးဧက ၃၆ သိန်းဝန်းကျင်ကျော် ရှိသည်ဟု စိုက်ပျိုးရေးဦးစီး ဌာန၏ ထုတ်ပြန်ထားသည့် မှတ်တမ်းများအရ သိရသည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...