မိုးစပါး စိုက်ချိန်ရောက်လာသော်လည်း စိုက်ပျိုးရေး လုပ်ငန်းသုံး ကုန်ပစ္စည်းများ ဈေးနှုန်း မြင့်နေသောကြောင့် အရှုံးပေါ်မည်ကို လယ်သမားများ စိုးရိမ်နေကြသည်။
ယခုနှစ်တွင် စပါးဈေးများ စံချိန်တင်ဈေးနှုန်း ဖြစ်ခဲ့သော်လည်း စိုက်စရိတ်နှင့် သွင်းအားစု ဈေးနှုန်းများ မြင့်တက် နေမှုကြောင့် တောင်သူများ အခက်တွေ့နေပြီး စပါးစိုက်ရန်လည်း ချိန်ဆနေရသည် ဟု ဧရာဝတီတိုင်းဒေသကြီးရှိ လယ်သမားများက ပြောသည်။
လက်ရှိ စပါးအကြမ်းဈေးနှုန်းသည် တင်း ၁၀၀ လျှင် ကျပ် ၈ သိန်း မှ ၉ သိန်းအထိ မြင့်တက်ခဲ့၍ ဈေးကောင်းရ နေသော်လည်း စက်သုံးဆီးဈေးနှုန်းနှင့် ဓါတ်မြေသြဇာဈေးနှုန်းများ ၃ ဆ အထိမြင့်တက်နေသည့်အတွက် ချိန်ဆ နေရသည်ဟု လယ်သမားအချို့က ပြောသည်။
”စပါးဈေးကောင်းလည်း တခြားပစ္စည်းတွေရဲ့ ဈေးနှုန်းဒဏ် ဘယ်သူမှ မခံနိုင်ဘူး ရာသီဥတုကလည်မမှန်တော့ မရင်းရဲကြဖူး” ဟု ဖျာပုံမြို့ သပြေကုန်းကျေးရွာက တောင်သူတစ်ဦးက ပြောသည်။
စက်သုံးဆီးဈေးနှုန်းနှင့် ဓါတ်မြေသြဇာဈေးနှုန်းများ မြင့်တက်နေသည့်အတွက် တောင်သူများ တွက်ခြေမကိုက်၍ စပါးစိုက်ရန် ချိန်ဆနေကြရသည်ဟု ဖျာပုံမြို့နယ် သပြေကုန်းကျေးရွာက တောင်သူကြီးအချို့က ဆိုသည်။
လယ်တစ်ဧက ထွန်မည်ဆိုပါက စက်သုံးဆီ လေးဂါလံဝင် ပုံးတစ်ပုံးခန့် ကုန်ကျပြီး ယခင်က လယ်တစ်ဧကလျှင် ဓါတ်မြေသြဇာဖိုး အများဆုံး ကျပ် ၈ သောင်းခန့်အထိ ကုန်ကျသော်လည်း ယခုနှစ်တွင် ၃သိန်းခွဲ၊ လေးသိန်းနီးပါး အထိ ကုန်ကျနေသည်ဟု သပြေကုန်းက တောင်သူက ဆက်ပြောသည်။
ယခုနှစ်တွင် မိုးလည်း အဝင်စောပြီး မိုးကောင်းပြီးရေများသဖြင့် ထွန်စက်များ ပိုရုန်းရသဖြင့် စက်သုံးဆီ ပိုကုန် နေသည့်အပြင် အလုပ်သမား ရှားပါးသဖြင့် ပျိုးခင်းအစား ကြဲခင်းများသာ စိုက်ပြီး ကြဲခင်းများသည်လည်း ရွှေခရုဖျက်သည်နှင့် ရင်ဆိုင်နေရသည်ဟု တောင်သူအချို့က ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အသားတင် စိုက်ပျိုးမြေဧက ၄၈သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၇ သိန်း ကျော် ခန့်၊ နွေစပါးစိုက်ပျိုးဧက ၁၃ သိန်းခန့် စိုက်ပျိုးလျှက်ရှိသည်ဟု သိရသည်။







