၅ နှစ်ခန့်ကြာ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့သည့် ကျောက်ဖြူ မရဇိုင်းကျွန်းတိုက်နယ်ဆေးရုံကို ဇွန် ၁၂ တွင် စဖွင့်တော့မည်

၅ နှစ်ခန့်ကြာ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့သည့် ကျောက်ဖြူ မရဇိုင်းကျွန်းတိုက်နယ်ဆေးရုံကို ဇွန် ၁၂ တွင် စဖွင့်တော့မည်

ဆောက်လုပ်ပြီးစီးထားသည်မှာ ၅ နှစ်ခန့်ကြာသော်လည်း ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်း အမှတ်(၈)ရှိ မင်းဂံကျေးရွာ(ခေါ်) လုံပြောက်ကျေးရွာမှ တိုက်နယ်ဆေးရုံကို လာမည့် ဇွန်လ ၁၂ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဟု သိရသည်။

အဆိုပါဆေးရုံသို့ ပြီးခဲ့သည့် မတ်လကုန်ခါနီးတွင်တာဝန်ကျလာသည့် ဒေါက်တာအောင်ထွန်းမြင့်က ဦးဆောင်ကာ စတင်ဖွင့်လှစ်ရန်စီစဉ်နေခြင်းဖြစ်သည်။

ဒေါက်တာအောင်ထွန်းမြင့်က "လာမယ့် ဒီဇွန်လ ၁၂ရက်နေ့၊ တနင်္ဂနွေနေ့မှာ ဖွင့်လှစ်ဖို့လို့ လျာချထားတယ်။ အထက်က အရေးပါတဲ့ လူကြီးတွေ၊ အရာရှိတွေကိုလည်း ဖိတ်ရဦးမယ်။ ပြီးတော့ ရာသီဥတုကိုလည်း ကြည့်ရသေးတယ်။ အရမ်းဆိုးဝါးနေရင်တော့ အဆင်မပြေလို့လေ" ဟု ပြောသည်။

လက်ရှိတွင် အဆိုပါဆေးရုံ၌ တာဝန်ကျဆရာဝန်ဒေါက်တာအောင်ထွန်းမြင့်အပါအဝင် သူနာပြု ၅ ဦးနှင့် အလုပ်သမား ၄ ဦး၊ စုစုပေါင်း ၁ဝ ဦးတာဝန်ထမ်းဆောင်ရန် ရောက်ရှိနေပြီဟုလည်း သိရသည်။

ထိုဆေးရုံကိုအမြန်ဆုံးဖွင့်လှစ်ပေးရန် ဒေသခံများက ရခိုင်ပြည်နယ်အစိုးရ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဆရာဝန်ကြီးများထံသို့ အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ယခုအခါ ဆေးရုံစတင်ဖွင့်လှစ်တော့မည်ဖြစ်၍ အလွန်တရာဝမ်းသာနေကြသည်ဟုလည်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့ နေမကောင်းဖြစ်ရင် ကျောက်ဖြူမြို့က ဆေးရုံကို သွားရတယ်။ စက်လှေနဲ့ပေါ့။ အရမ်းအလှမ်းဝေးတယ်။ မရှိဆင်းရဲသားတွေဆိုမသွားနိုင်ဘူး။ တော်တော့်ကိုဒုက္ခဖြစ်ရပါတယ်။ အခုလို ကိုယ့်ရပ်ကိုယ့်ရွာမှာ ဆေးရုံဖွင့်နိုင်ပြီဆိုတော့ အတိုင်းမသိ ဝမ်းသာတယ်။ ငွေကြေးကုန်ကျအများကြီးခံပြီး ကျောက်ဖြူမြို့အထိ ဆေးသွားကုစရာမလိုတော့ဘူးပေါ့။ ကိုယ့်ရွာဆေးရုံမှာပဲ ကုသလို့ရပြီ”ဟု ပြောသည်။

အဆိုပါဆေးရုံသည် ခုတင် (၅ဝ)ဆံ့တိုက်နယ်ဆေးရုံတစ်ရုံဖြစ်ပြီး လွန်ခဲ့သည် ၂၀၁၆ ခုနှစ်မှစတင်ကာ ကျပ်သိန်းပေါင်း ၆ ထောင်ကျော်အကုန်ကျခံ၍ မရဇိုင်းကျွန်းနှင့် မြို့ချောင်းကျွန်းကျေးရွာအုပ်စုနှစ်စုပေါင်းအတွက် အစိုးရက တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သော်လည်း ဆေးရုံ၌ ဆရာဝန်များ၊ သူနာပြုများနှင့် သူနာပြုအကူများက အလုပ်မလျှောက်ခြင်းကြောင့် ဆေးရုံဆောက်လုပ်ပြီးစီးသည်မှာ ၅ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ဖွင့်လှစ်နိုင်မှုမရှိခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာအောင်ထွန်းမြင့်က ပြောသည်။

"ဆေးရုံရှိပေမယ့် ဒီဆေးရုံကိုဝင်လျှောက်ကြတဲ့ဆရာဝန်တွေမရှိရင်လည်း ဆေးရုံကဖွင့်လို့မရဘူးလေ"ဟု ပြောသည်။

အဆိုပါဆေးရုံသည် ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်းနှင့် မြို့ချောင်းကျွန်းနှစ်ခုရှိ ကျေးရွာပေါင်း (၆ဝ)ခန့်က အားထားရမည့်ဆေးရုံဖြစ်သည်။

ဆေးရုံဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ချိန်တွင် ယင်းကျွန်းနှစ်ကျွန်းမှ ဒေသခံများသည် ကျန်းမာရေးကိစ္စများဖြစ်ပေါ်လာပါက ကျောက်ဖြူမြို့ပေါ်သို့ ရ မိုင်ခန့်ကွာဝေးသည့်ရေလမ်းတစ်ခုတည်းကိုသာ စက်လှေများဖြင့်အသုံးပြု၍သွားလာခဲ့ရသည်ဟုသည်ဟု သိရသည်။

April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...