တောင်ကြီးတက္ကသိုလ် အဝေးသင် အနီးကပ်သင်တန်း တက်ရောက်သူ မရှိ

တောင်ကြီးတက္ကသိုလ် အဝေးသင် အနီးကပ်သင်တန်း တက်ရောက်သူ မရှိ

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးတက္ကသိုလ်တွင် အဝေးသင် အနီးကပ် သင်ကြားပို့ချမှု အတန်းများ ကျောင်းသူ/သားများ မရှိ၍ ပိတ်သိမ်းလိုက်ရသည်ဟု အဝေးသင်တက်သည့် ကျောင်းသူ/သား အချို့ထံမှ သိရ သည်။

ဘာသာရပ် (မေဂျာ)အလိုက် ဇွန်လ ၆ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သည့် အဝေးသင် အနီးကပ် သင်ကြား ပို့ချမှု အတန်းများ ပိတ်လိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

အဝေးသင်တက်နေသည့် Non-CDM ကျောင်းသားတစ်ဦးက “စဖွင့်တဲ့ ပထမရက်ကတည်းက ကျောင်းသား ၅ ယောက်ပဲရှိတယ်။ ဒီနေ့တော့ ကျောင်းသား ၂ ယောက်ပဲလာလို့ မနက်ဖြန်ကစပြီး ပိတ်မယ်ပြောတယ်။ အရင် COVID-19 မဖြစ်ခင်တုန်းကဆို မြန်မာစာမေဂျာက ၃ ထပ်ဆောင် အပြည့်ပဲ။ အဲ့ဒီတုန်းကဆို လူတစ်ထောင်နီး ပါး ရှိမယ်။ ဘယ်လိုပြောရမလဲ အရင်ကဆိုရင် အနီးကပ် လာမတက် ဘူး ဆိုရင်တောင် လက်မှတ် လာထိုးကြ တယ်။ ဒီနှစ်တော့ လက်မှတ်ထိုးတာရော ကျောင်းလာတာရော မရှိဘူး” ဟု ပြောသည်။

မြန်မာစာ နောက်ဆုံးနှစ် အတန်းများမှာ ဇွန်လ ၆ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ၁၀ ရက်ကြာ ဖွင့်လှစ်ပြီး ဇွန်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့ အထိ စာမေးပွဲကျင်းပမည်ဟု စစ်ကောင်စီ လက်အောက်ခံ အဆင့်မြင့်ပညာရေး ဦးစီးဌာနမှ  ဧပြီလကတည်းက ကြေညာချက် ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ယနေ့ ဇွန်လ ၉ ရက်နေ့ စာသင်ရက် ၄ ရက်မြောက်သည့်နေ့တွင် ကျောင်းသူ/ သား ၅ ရောက်ပင် မပြည့်သာကြောင့် ပိတ်လိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

ထို့အပြင် “ဒီနှစ်ဆို အပေါ်ဆုံးထပ်က ၄ ခန်းပဲ ဖွင့်နိုင်တယ်။ ကျမတို့ အခန်းက ၂ ယောက်နဲ့ ကျန်တဲ့ စာသင်ခန်း ၃ ခုပေါင်းရင် ကျောင်းသား ၂၀ ဝန်းကျင်ပဲ ရှိတယ်” ဟု အဝေးသင်တက်နေသည့် Non-CDM ကျောင်းသူ တစ်ဦး က ဆက် ပြောသည်။

မြန်မာစာမေဂျာ နောက်ဆုံးနှစ် အနီးကပ်အတန်းများ သာမက မြန်မာစာ ကျူရှင်များတွင်လည်း ယခင်နှစ်များ နှိုင်းယှဉ်ပါက လေးပုံတစ်ပုံခန့်သာ ကျောင်းသူ/သား ရှိသည်ဟု သိရသည်။

“အရင်တုန်းကတော့ မြန်မာစာ ကျူရှင် တစ်ခုမှာဆိုရင် ကျောင်းသား ၈၀ ရှိမယ်။ အခုကတော့ လူ ၂၀ ပဲ ရှိ တယ်။ ကျောင်းသားက သိသိသာသာကို နည်းသွားတာ။ အဝေးသင်မို့လို့ ကျူရှင်မတက်ပဲ ဖြေကြတာလို့ ဆင် ခြေပေး လို့ရတယ်။ ဒါပေမယ့် အဆောင်တွေ လိုက်ကြည့်ရင် သိသာတာပဲလေ။ ဘယ်အဆောင်မှ လူမပြည့်ဘူး။ ခါတိုင်း အဝေးသင်ဆိုရင် အဆောင်တိုင်းက အပြည့်ပဲလေ။ လှေကားနားမှာ အိပ်ဆိုရင်တောင် နေမယ့်လူ ရှိ တယ်။ အခုက ဖုန်းဆက်ခေါ်ရင်တောင် မတက်ကြတော့ဘူး ပြောတာပဲ” ဟု ကျူရှင်ခန်း ငှားနေသည့် အဆောင် ပိုင်ရှင်တစ်ဦးက ပြောသည်။

အဝေးသင် မြန်မာစာမေဂျာ နောက်ဆုံးနှစ် အနီးကပ်အတန်းများမှာ ယခင် COVID-19 ရောဂါ မဖြစ်ခင် စာသင်နှစ် များတုန်းက ဖြေဆိုသူ ကျောင်းသားဦးရေ တစ်ထောင်ကျော် ရှိသော်လည်း ယခုနှစ်များတွင် ကျောင်းအပ်သူ ၆၀၀ ခန့်သာ ရှိသည်ဟု Non-CDM ဆရာမများက ဆိုသည်။

ကျောင်းလာအပ်သူ ကျောင်းသူ/သား အယောက် ၆၀၀ ခန့်မှာလည်း မိဘများ၏ ဖိအားပေးမှုများကြောင့် ကျောင်းအပ်ရုံသာ အပ်ထားပြီး စာမေးပွဲ မဖြေဆိုသူများလည်း ရှိနိုင်သည်ဟု အဝေးသင်တက်နေသည့် Non-CDM ကျောင်းသားအချို့ က ခန့်မှန်းပြောဆို နေကြသည်။

တောင်ကြီးတက္ကသိုလ် မြန်မာစာမေဂျာတွင် ဆရာ/မ ၂၆ ဦးရှိသည့်အနက် ၁၅ ဦးမှာ CDM လုပ်ထားသောကြောင့် ဆရာ/မ အင်အား အခက်အခဲ ဖြစ်နေသည်ဟုလည်း သိရသည်။ ထိုသို့ ဆရာ/မ မလုံလောက်သည့် အခက်အခဲ ကြောင့် နောက်ဆုံးနှစ် ကျူရှင်အတန်းများတွင် အင်္ဂလိပ်စာမှအပ ကျန်သည့် (၅) ဘာသာလုံးကို ဆရာ တစ်ဦး တည်းကပဲ ဒိုင်ခံ သင်ကြားနေရသည်ဟုလည်း Non-CDM ကျောင်းသားများက ပြောသည်။

တောင်ကြီးတက္ကသိုလ်တွင် အဝေးသင်ဌာနတွင် တတိယအသုတ် မြန်မာစာမေဂျာ သာမက ပြီးခဲ့သည့် ပထမ အသုတ်နှင့် ဒုတိယအသုတ်တွင်လည်း ဖြေဆိုသူ တစ်ဝက်ခန့်သာ ရှိခဲ့သည်ဟု သိရသည်။ ထို့ကြောင့်  တောင် ကြီးတက္ကသိုလ်တွင် ကျောင်းသား (၂၀၀၀) ကျော်ရှိသည် ဆိုသည့် စစ်ကောင်စီ၏ ဝါဒဖြန့်မှုမှာ ကျောင်းများ သည်ဟု ထင်မှတ်ရအောင် Day အတန်းနှင့် အဝေးသင်အတန်းများကို တစ်ပြိုင်နက် ပေါင်းဖွင့်ထားခြင်း ဖြစ်သည်  ဟု သိရသည်။

Most read this week

December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
ဓာတ်ပုံ - MYANMAR NATIONAL PORTAL
December 9, 2025
တက္ကသိုလ် တက်ရောက်ခွင့်ကို ခြိမ်းခြောက်၍ ရှမ်းပြည်မှ ကျောင်းသား ၂၅၀ ကျော် ကြိုတင်မဲပေးရန်...