နိုင်ငံရေးလှုပ်ရှားမှုကြောင့် သေဒဏ်နှင့် တသက်တကျွန်း ကျခံရသူ ၂၀၉ ဦးထိရှိလာ

နိုင်ငံရေးလှုပ်ရှားမှုကြောင့် သေဒဏ်နှင့် တသက်တကျွန်း ကျခံရသူ ၂၀၉ ဦးထိရှိလာ
ကိုဂျေမီနှင့် ကိုဖြိုးဇေယျာကျော်
ကိုဂျေမီနှင့် ကိုဖြိုးဇေယျာကျော်

မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အချိန်တွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် မြန်မာနိုင်ငံတွင် သေဒဏ်နှင့် ထောင်ဒဏ်တသက်တကျွန်းကျခံရသူ (၂၀၉)ဦးအထိရှိလာကြောင်း မြန်မာ့နိုင်ငံရေးသုတေသနအဖွဲ့တစ်ခုဖြစ်သည့် မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar) ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ၂၀၉ ဦးတွင် ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံရသူနှင့် ဝရမ်းထုတ်ခံရပြီး သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦး၊ ဖမ်းဆီးခံရပြီး သေဒဏ်နှင့် ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ ၆ ဦးနှင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ ၈၆ ဦးတို့ ပါဝင်ကြောင်းလည်း ISP-Myanmar ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအထဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူလေးဦးဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုဂျင်မီ(ခ)ဦးကျော်မင်းယုနှင့် NLD လွှတ်တော်အမတ်ဟောင်း  ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို ကွပ်မျက်ရန်စီစဉ်နေကြောင်း ပြီးခဲ့သည့် ဇွန်လ(၁)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

ယခင်စစ်အစိုးရ လက်ထက်များ၌ သေဒဏ်ချခံထားရသူတို့ကို ကွပ်မျက်ခြင်းများမရှိခဲ့ဘဲ ပြစ်ဒဏ်လျော့ချပေးသည်များသာရှိခဲ့သဖြင့် ယခုစစ်ကောင်စီက ကိုဂျင်မီတို့ကို ကွပ်မျက်မည့်အရေးမှာ မဖြစ်သင့်ဟုလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရဲက မှတ်ချက်ပြုသည်။

“စစ်အာဏာသိမ်းယူခဲ့တဲ့ အရင်အချိန်တုန်းကလည်း သေဒဏ်ချမှတ်ခဲ့တာရှိတယ်။ ဒါပေမယ့် အယူခံဝင်ပြီးတော့ ငါးနှစ်အကြာမှာ ထောင်ဒဏ်တသက်အထိသို့ ပြစ်ဒဏ်အသီးသီးလျော့ချပြီး လွတ်မြောက်ခဲ့တာရှိတယ်။ သေဒဏ်ချလို့ အပြစ်ပေးခံရတာက ကျောင်းသားခေါင်းဆောင်တစ်ဦးပဲရှိခဲ့တယ်။ အခုက တမင်တကာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို မခံနိုင်လို့ အခုလိုပြောဆိုလိုက်တာလို့ပဲမြင်ပါတယ်”ဟု ကိုရဲကပြောသည်။

တသက်တကျွန်းနှင့် သေဒဏ်ချမှတ်ခံထားရသူ ၂၀၉ ဦးထဲတွင် ရန်ကုန်တိုင်းမှ ၂၀၂ ဦးနှင့် ဧရာဝတီတိုင်းမှ ၇ ဦးတို့ဖြစ်ကြောင်းလည်း ISP ကဆိုသည်။

ထိုအထဲမှ ပထမအများဆုံးအဖြစ် ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်၌ သေဒဏ်ချမှတ်ခံရသူ ၅၂ ဦးနှင့် ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ ၁၂ ဦးအထိရှိနေပြီး လှိုင်သာယာမြို့နယ်တွင် သေဒဏ်ချမှတ်ခံရသူ ၁၇ ဦး၊ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ ၃၀ ဦးနှင့် သေဒဏ်နှင့်ထောင်ဒဏ် တသက်တကျွန်း ပူးတွဲချမှတ်ခံရသူ ၃ ဦးတို့ရှိခဲ့ကာ အသက်(၁၈)နှစ်အောက် လူငယ်နှစ်ဦးပါဝင်ကြောင်းလည်း သိရသည်။

ထိုသို့ အသက်(၁၈)နှစ်မပြည့်သည့် ကလေးသူငယ်များပါဝင်နေသည့်အတွက် နိုင်ငံအတွင်း၌ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ ချိုးဖောက်ခံရမှုအပေါ် နိုင်ငံတကာအနေဖြင့် ဖိအားပေးမှုများ ပိုမိုဆောင်ရွက်သင့်ကြောင်း ကလေးသူငယ်အရေး လှုပ်ရှားဆောင်ရွက်သူများကပြောသည်။

“သေဒဏ်ချမှတ်ခံရတဲ့အထဲမှာ ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်လာတယ်။ ဒါက ကလေးသူငယ်အခွင့်အရေးတွေကို ချိုးဖောက်ထားပြီးပြီ။ တရားစီရင်မှုကလည်း အဓိပ္ပါယ်မရှိတော့ဘူး။ အဲဒီတော့ စစ်ကောင်စီအပေါ်ကို နိုင်ငံတကာကနေ ဒီထက်ပိုပြီး ဖိအားပေးဆောင်ရွက်ပေးဖို့ ပိုပြီးလိုအပ်နေပါပြီ”ဟု ကလေးသူငယ်ရေး တက်ကြွလှုပ်ရှားဆောင်ရွက်သူ ကိုမင်းကဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတက်ကြွလှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံထားရသူများကို ကြိုးပေးရန်အတွက် စစ်ကောင်စီဘက်က ကြိုးစားလုပ်ဆောင်မှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးနှင့် အမေရိကန်သံရုံးတို့က ဆန့်ကျင်ကြောင်းနှင့် ဆက်စပ်ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန် ပြီးခဲ့သည့်ဇွန်လ ပထမသီတင်းပတ်တွင် တောင်းဆိုမှုများရှိခဲ့သည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...