ရခိုင်တွင် မြေဆီစျေးနှုန်း ယခင်နှစ်ထက် သုံးဆမြင့်တက်

ရခိုင်တွင် မြေဆီစျေးနှုန်း ယခင်နှစ်ထက် သုံးဆမြင့်တက်

ရခိုင်ပြည်တွင် မြေဆီစျေးနှုန်း ယခင်နှစ်ထက် သုံးဆမြင့်တက်လာသောကြောင့် လယ်ယာလုပ်ငန်းရှင်များမှာ စပါးစိုက်ပျိုးရန် အခက်တွေ့နေကြသည်ဟု သိရသည်။

ယခင်နှစ်က မြေဆီတစ်အိတ်လျှင် ငွေ ၂၅၀၀၀ ကျပ်မှ ငွေ ၃၅၀၀၀ ကျပ်ရှိခဲ့ရာမှာ ယခုနှစ်တွင် ငွေကျပ်တစ်သိန်းကျော်အထိ စျေးနှုန်းမြင့်တက်သွားသည်။ ထိုသို့ မြေဆီများစျေးနှုန်းမြင့်တက်သဖြင့် ဝယ်ယူသူနည်းပါးလာသည်ဟု မြောက်ဦးမြို့မှ မြေဆီအရောင်းပိုင်ရှင် ဦးအောင်ကျော်မြက DMG သို့ ပြောသည်။

“မြေဆီတွေစျေးတက်နေတော့ မရောင်းရဘူး။ အရင်က ၁၀ ယောက်ဝယ်ရင် အခုတစ်ယောက်တောင် မဝယ်ဘူး။ မြေဆီတွေ စျေးတက်တာ တစ်မျိုး၊ ရေနံဆီတွေစျေးတက်တာ တစ်မျိုး၊ လယ်သမားတွေမှာ ကျွဲတွေ၊ နွားတွေရောင်းပြီး စက်ဝယ်တယ်။ ရေနံဆီတွေစျေးတက်၊ မြေဆီတွေစျေးတက်တော့ လယ်မလုပ်နိုင်ကြတော့ဘူး။ အခုလယ်မလုပ်တဲ့လယ်သမားတွေ သိပ်အများကြီးရှိတယ်”ဟု သူကဆိုသည်။

ထိုသို့ ကုန်ကျစရိတ်များသောကြောင့် စပါးစိုက်ရန် မလွယ်ကူကြောင်းနှင့် စိုက်ပျိုးလျှင်လည်း အရှုံးနှင့်ရင်ဆိုင်ရမည်ဟု ပေါက်တောမြို့နယ်၊ ငပြီတက်ကျေးရွာမှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးအေးသာအောင်ကပြောသည်။

“ဒီနှစ်တော့ စပါးစိုက်ရမှာက မလွယ်ဘူး။ မြေဆီစျေးနှုန်းတွေက သုံး၊ လေးဆလောက်မြင့်တက်နေတော့ ဘယ်လိုလုပ်ပြီးစပါးစိုက်ကြမှာလဲ။ ဒီလောက်ကုန်ကျစရိတ်တွေကြီးမားနေရင် စပါးစိုက်ရတာ အရှုံးပဲရှိတယ်”ဟု ၎င်းကပြောသည်။

ထို့အတူ မြေဆီအပြင် စက်သုံးဆီစျေးနှုန်းမှာလည်း ယခင်နှစ်က ဒီဇယ်ဆီ တစ်ပေပါကို ငွေ ၃ သိန်းကျပ်ရှိခဲ့ရာ လက်ရှိတွင် ငွေ ၆ သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာသောကြောင့် အခက်တွေ့ရသည်ဟု မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာမှ လယ်သမား ဦးစိုးနိုင်က ပြောသည်။

“မြေဆီကိစ္စနဲ့ပြောရမယ်ဆိုရင် ဒီနှစ်တော့ အဆိုးဆုံးနှစ်လို့ပြောရမှာပဲ။ ဓာတ်ဆီတွေ ဒီဇယ်တွေ စျေးတက်ကတည်းကနေ ဆီဘက်ပဲ အာရုံစိုက်နေရတယ်။ မြေဆီဘက်ကို စဉ်စားလို့တောင်မရသေးဘူ။ ဒီဇယ်တစ်ပေပါကို ၆ သိန်းလောက်ရှိတယ်လေ။ အခုက အရင်လိုနွားတွေမရှိတော့ စက်နဲ့ပဲ ထွန်နေရတဲ့အခါ ဒီဇယ်ကို အဓိကဖြစ်နေတယ်။ ဒါကြောင့် ဆီဘက်ပဲအာရုံစိုက်နေရတယ်။ မြေဆီဘက်စဉ်းစားလို့တောင် မရတော့ဘူး”ဟု သူကဆိုသည်။

ယခုနှစ်တွင် မြေဆီနှင့် စက်သုံးဆီ စျေးနှုန်းမြင့်တက်မှုကြောင့် လယ်ယာစိုက်ပျိုးသူ နည်းပါးလာနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံကပြောသည်။

“လယ်ဧက ဘယ်လောက်ထိစိုက်ပျိုးနိုင်မှာလဲလို့ ပြောရမယ်ဆိုရင် တိတိကျကျပြောရဖို့က ခက်တယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်ဆိုရင် တောင်သူတွေအတွက်ကတော့ ဧကလျော့ကျသွားမယ့် အနေအထားရှိတယ်။ ဥပမာ ၁၀ ဧကစိုက်နေတဲ့ သူတစ်ယောက်က ၅ ဧက မဟုတ်ရင် ၇ ဧကလောက်လျော့ကျသွားမယ့် အနေအထားရှိတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်တစ်ပြည်လုံးတွင် စိုက်ပျိုးမြေဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး တောင်သူများစစ်ဘေးရှောင်နေရခြင်း၊ စိုက်ပျိုးရေးစရိတ်ကြီးခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်တွင် လယ်ဧက ၈၅၀,၀၀၀ ခန့်ကိုသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသဂ္ဂထံက သိရသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...