အမ်းမြို့နယ်က ကျောင်းဆောင်ဟောင်း တွင် ကလေးငယ်များ ထီးဆောင်းပြီး စာသင်နေရ

အမ်းမြို့နယ်က ကျောင်းဆောင်ဟောင်း တွင် ကလေးငယ်များ ထီးဆောင်းပြီး စာသင်နေရ
အမ်းမြို့နယ်ညောင်ချောင်းသစ်ကျေးရွာက ကျောင်းဆောင်ဟောင်း လက်ရှိအခြေအနေနှင့် ကျောင်းဆောင်သစ် သော့ပိတ်ထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)
အမ်းမြို့နယ်ညောင်ချောင်းသစ်ကျေးရွာက ကျောင်းဆောင်ဟောင်း လက်ရှိအခြေအနေနှင့် ကျောင်းဆောင်သစ် သော့ပိတ်ထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)

အမ်းမြို့နယ် ညောင်ချောင်းသစ်ကျေးရွာတွင် အသစ်ဆောက်လုပ်ထားသော ကျောင်းဆောင်သစ် အပိတ်ခံထားရ၍ ယခင် ကျောင်းဆောင်ဟောင်းတွင် ထီးဆောင်းပြီး ကလေးငယ်များ စာသင်နေရကြောင်း ကျောင်းဆောင်သစ်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ယခင်ကျောင်းဆောင်ဟောင်းမှာ ရွာသားများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်ထားခြင်းဟုသိရပြီး ခေါင်မိုးနှင့် စာသင်ခန်းများ ပျက်စီးနေ၍ ပညာရေးဝန်ကြီးဌာနက ကျောင်းဆောင်သစ် ဆောက်လုပ်ပေးထားသည်။

သို့သော်လည်း ကျောင်းဆောင်သစ်တွင် သွပ်မိုး (ခေါင်မိုး)နှင့် မျက်နှာကြက်တို့မှာ အရည်အသွေးညံ့ဖျင်းသည်ဟု ရွာသားများနှင့် ကျောင်းသားမိဘများက ပြောဆိုမှုကြောင့် ဆောက်လုပ်ရေးကုမ္ပဏီသည် ယင်းကျောင်းဆောင်သစ်ကို သော့ပိတ်ထားခဲ့ကြောင်း ကျောင်းဆောင်သစ်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုမောင်သန်းဝင်းက ပြောသည်။

“ကျောင်းဆောင်သစ်က အရည်အသွေးမပြည့်မီလို့ဆိုပြီး ရွာသားတွေက လက်မခံကြဘူး။ အဲဒါကို ရွာသားတွေ လက်မခံတော့ ကျောင်းဆောက်လုပ်ရေးကုမ္ပဏီက ကျောင်းတံခါးတွေကို သော့ခတ်ပြီးထားခဲ့တယ်။ ဒါ့ကြောင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားတဲ့ ကျောင်းဆောင်ဟောင်းမှာပဲ စာသင်နေရတာပါ” ဟု သူကဆိုသည်။

ထို့ကြောင့် ကျောင်းဆောင်ဟောင်းတွင် စာသင်နေရပြီး မိုးသည်းထန်စွာရွာလျှင် ကလေးငယ်များအတွက် အရမ်းအခက်အခဲဖြစ်နေသည်ဟု ကျောင်းသားမိခင်တစ်ဦးဖြစ်သူ ဒေါ်မသန်းရီက ပြောသည်။

“ခေါင်မိုးကဆွေးပြီး မိုးယိုနေတာကြောင့် ကလေးတွေမှာ မိုးရွာတဲ့နေ့တွေဆိုရင် ထီးဆောင်းပြီး စာသင်နေရပါတယ်။ ခေါင်မိုးအသစ်မိုးဖို့အတွက် အလှူငွေကောက်ခံပေမယ့် မတတ်နိုင်တဲ့သူတွေ များတယ်။ ဒါကြောင့် ခေါင်မိုးအသစ်လည်း မမိုးနိုင်ဘူး”ဟု သူမကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူးရုံးအား DMG က မေးမြန်းရာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက “ ကျောင်းဆောင်သစ်ပိတ်ထားတာကို မသိဘူး။ ပညာရေးဝန်ကြီးဌာနက မပိတ်ခိုင်းဘူးလေ။ ဒီကို တစ်ခုမှ တင်ပြထားတာမရှိဘူး ပိတ်ထားတယ်လို့။ ကျောင်းဆောင်ဟောင်းမှာလည်း ကလေးတွေ ထီးဆောင်းပြီး စာသင်နေရတဲ့ပုံတွေရှိရင် ဆရာဆီပို့လိုက်။ တစ်ခုမှမတင်ပြထားဘူး။ ပုံတစ်ခေါက်ပို့လိုက် သူတို့ကို အရေးယူမယ်။ ထီးဆောင်းပြီးစာသင်နေရတာကို အခုထိမတင်ပြသေးဘူးဆိုရင် ငါအရေးယူလိုက်မယ်။ ကျောင်းဆောင်ဟောင်းထဲမှာ ထီးဆောင်ပြီးသင်နေရရင် ပြင်ဆင်ဖို့စရိတ်တွေကို တောင်းခံရမှာလေ။ ထီးဆောင်းပြီး သင်နေရတယ်ဆိုရင် မကောင်းတော့ဘူးလေ”ဟု ပြောသည်။

ကျောင်းသား၊ ကျောင်းသူများမှာ ထီးဆောင်းပြီး စာသင်နေရလျှင် ကျောင်းစာကို စိတ်မဝင်စားတော့ဘဲ စာလိုက်မမီမှာကို မိဘများက စိုးရိမ်နေကြသည်။

ယခင်ကျောင်းဆောင်ဟောင်းမှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်နေပြီဖြစ်၍ ဟောင်းနွမ်းပျက်စီးနေသည့်အတွက် ယင်းညောင်ချောင်းသစ်ရွာတွင် ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် စာသင်ခန်း ၄ ခန်းပါသော ကျောင်းဆောင်သစ်ကို ၂၀၂၁ ခုနှစ်တွင် ဆောက်လုပ်ပေးထားခြင်းဖြစ်သည်။

ကျောင်းဆောင်သစ် အပိတ်ခံထားရသည်ကို ကျောင်းဆောင်သစ်ဖြစ်မြောက်ရေးကော်မတီမှ မြို့နယ်ပညာရေးမှူးရုံးသို့ တင်ပြခဲ့သော်လည်း ရွာသားများလက်မခံသည့်အတွက် ပိတ်ထားရမှာပဲဟု မြို့နယ်ပညာရေးမှူးရုံးက အကြောင်းပြန်ခဲ့ကြောင်း ကိုမောင်သန်းဝင်းကပြောသည်။

ဆက်လက်ပြီး ခရိုင်ပညာရေးမှူးရုံးကို DMG က ဆက်သွယ်ခဲ့ရာ ပညာရေးဝန်ကြီး ရောက်ရှိနေ၍ ယင်းညောင်ချောင်းသစ်ရွာက ကျောင်းဆောင်ကိစ္စကို မဖြေနိုင်သေးကြောင်း ခရိုင်ပညာရေးမှူးက တုန့်ပြန်ခဲ့သည်။

ရွာသားများအနေဖြင့် ကျောင်းဆောင်သစ်ကို အရည်အသွေးပြည့်မီအောင် ပြန်လည်ပြုပြင်စေလိုပြီး လက်ရှိ စာသင်ရလွယ်ကူအောင် ကျောင်းဆောင်ဟောင်းကို ခေါင်မိုးအမြန်ဆုံးမိုးပေးစေလိုသည်ဟု ရွာသားများက တောင်းဆိုကြသည်။

ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားရလွယ်ကူအောင် မည်သို့စီစဉ်ပေးမည်ကို သိလိုသောကြောင့် အမ်းမြို့နယ်ပညာရေးမှူး ဦးမောင်မောင်ကြီးထံ DMG က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

အဆိုပါကျောင်းတွင် ဆရာ/ဆရာမများလည်းလိုအပ်နေပြီး လက်ရှိတွင် ဆရာ/ဆရာမ ၁၄ ဦးဖြင့် ကျောင်းသား ၃၀၀ ကျော်အား စာသင်ကြားနေရကြောင်း သိရသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...