ရခိုင်တွင် မူလတန်းကျောင်းသား ၃ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေ

ရခိုင်တွင် မူလတန်းကျောင်းသား ၃ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေ

ရခိုင်တွင် မူလတန်းကျောင်းသား၊ ကျောင်းသူပေါင်း ၃ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားကိုဗစ်ကာကွယ်ဆေးကို ပြီးခဲ့သည့်အပတ်မှစတင်ထိုးပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ အခြေခံပညာ မူလတန်း ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀,၅၂၁ ဦးကို ထိုးနှံပြီးစီးသွားပြီဟု သိရသည်။

ဆက်လက်၍ မူလတန်းကျောင်းသူ၊ ကျောင်းသားဦးရေ ၃ သိန်း ၆ သောင်းခန့်အထိ ထိုးပေးသွားရန်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရ ဉ္စရာသို့ပြောသည်။

"ဆေးမထိုးမနေရဆိုပြီး မှာထားတာမျိုးတော့ မရှိဘူး။ ထိုးတာကတော့ ကောင်းတာပေါ့နော်။ စည်းရုံးတဲ့သဘောပဲ။ ဒါပေမယ့် ကိုယ်တိုင်ဆုံးဖြတ်ရတာပေါ့လေ" ဟုပြောသည်။

ယခုထိုးပေးနေသည့် တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးသည် အသက် ၅ နှစ်နှင့်အထက် ကလေးများကို ထိုးနှံရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA)က ခွင့်ပြုထားကြောင်းလည်း သိရသည်။

ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် မူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် မူလတန်းကလေးငယ်တစ်ဦး၏ မိဖတစ်ဦးက အဆိုပါကိုဗစ်ကာကွယ်ဆေးအား မူလတန်းကလေးများကို မဖြစ်မနေထိုးရမည်ဖြစ်ပြီး ဆေးထိုးမည့်အကြောင်းအရာများအား သေချာရှင်းလင်းမှုမရှိသဖြင့် စိုးရိမ်မှုရှိကြောင်း ပြောသည်။

"မထိုးရင် ကျောင်းမတက်ရဘူးဆိုပြီးတော့။ မထိုးလို့မရဘူးလို့ ကျောင်းအုပ်က ပြောတယ်။ ဆေးထိုးမယ့်အကြောင်းလည်း တစ်ခုမှ ရှင်းမပြဘူး။ ဆေးအကြောင်းကို မရှင်းပြတော့ ကလေးတွေ တစ်စုံတစ်ခုဖြစ်သွားမှာကို စိုးရိမ်မိတယ်" ဟုပြောသည်။

၎င်းမူလတန်းကျောင်းသားများအပြင် ရခိုင်တွင် အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကိုလည်း မြန်မာနိုင်ငံထုတ် Myancopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ထိုးပေးနေရာ လက်ရှိတွင် ကျောင်းသားဦးရေ ၄၇၀ အထိ ထိုးပြီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ Myancopharm ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှ စက်မှုဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinopharm China National Biotec Group တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်မတ်လက စတင်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်မှစတင်ကာ အသက် ၁၂ နှစ်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကို တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစားကိုဗစ်ကာကွယ်ဆေးအား စတင်ထိုးနှံပေးခဲ့သည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...