ရှမ်းပြည်နယ် တောင်ပိုင်း၊ အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော် (IPDF) မှ အရေးပေါ် အခြေအနေ စခန်းပြောင်းရွှေ့လိုက်ရ၍ အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေ၍ လက်နက်ကြီးများ ကျရောက်လာသည့်အတွက် မေလ ၁၅ ရက်နေ့တွင် ပြောင်းရွှေ့ ရ ခြင်းဖြစ်သည်ဟု အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော် (IPDF) အဖွဲ့ တာဝန်ရှိသူက ပြောသည်။
IPDF မှ တာဝန်ရှိသူ တစ်ဦးက “ကျမတို့ စခန်းကနေ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရတယ် ဆိုတော့ ရဲဘော်တွေရဲ့ စားဝတ်နေရေးက အကုန်လိုအပ်နေတယ်။ အခုအဓိက လိုနေတာတော့ ငွေအင်အားပေါ့နော်။ အလှူရှင်တွေကတော့ လှူပေးနေတုန်းပါ။ တိုက်ပွဲ ရက်ဆက်လာတော့ ရိက္ခာလမ်းကြောင်း ပိတ်သွားလို့ပါ။ အဲ့ဒီ တော့ စားနှပ်ရိက္ခာလည်း ငွေနဲ့ပဲ ဖြေရှင်းနေရတော့ အပိုကုန်လာတာပေါ့။ ပြီးတော့ စခန်းရဲ့ အမိုးအတွက်နဲ့ ရှေ့ တန်းက ရဲဘော်တွေအတွက် မိုးကာလည်း လိုနေပါတယ်” ဟု ပြောသည်။
ထို့အပြင် ၎င်းတို့ တပ်ဖွဲ့အနေဖြင့် အစောပိုင်းကာလများတွင် မောင်းပြန် AK ခေါက်ဒင် တစ်လက်ဖြင့်သာ စတင် ခဲ့ရပြီး ဇွန်လ ၄ ရက်နေ့မှသာ အခက်အခဲများကြားမှ မောင်းပြန် သေနတ် (၆) လက် ဝယ်ယူထားနိုင်သည်ဟု သိ ရသည်။
ထိုသို့ ဝယ်ယူထားနိုင်ပြီ ဖြစ်သော်လည်း တပ်ဖွဲ့ဝင်အားလုံး လက်နက် တပ်ဆင်နိုင်ဖို့အတွက် လက်နက်နှင့် ကျည် ဆံများ လိုအပ်နေသေးသည်ဟု သိရသည်။
“IPDF စဖွဲ့တော့ လက်လုပ်နဲ့ စခဲ့တာပေါ့။ မောင်းပြန်ဆိုလို့ AK တစ်လက်ပဲရှိတယ်။ အဲဒီသေနတ် တစ်လက်က တိုက်ပွဲတိုင်း ပါတယ်။ အခုတော့ AK-47 က ၃ လက်၊ M4 ၂ လက်၊ ကိုးလုံး အော်တိုတစ်လက်နဲ့ ကျည်ဆံတွေ တော့ ဝယ်ယူပြီးပါပြီ။ ဒါပေမယ့် အဲ့တာတွေက တပ်စိပ် တစ်စိပ်စာပဲရှိသေးတယ်။ အကုန်လုံး ဆင်နိုင်ဖို့က အများကြီး လိုသေးတယ်” ဟု IPDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆက်ပြောသည်။
ထို့အပြင် IPDF တွင် Drone တပ်ဖွဲ့လည်း ဖွဲ့စည်းပြီးဖြစ်ရာ လက်ရှိ တိုက်ပွဲတင်နေသည့် Drone တစ်စင်းမှာ တိုက် ပွဲတွင် ကျဆုံးသွားသည့်အတွက်ကြောင့် Drone အလှူရှင်လည်း လိုအပ်နေပြီး Scouting Drone တစ်စင်းအတွက် ကျပ် ၄၅ သိန်းနီးပါး ကုန်ကျမည်ဟု ဆိုသည်။
အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော် IPDF သည် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသော်လည်း နောက်တန်းမှ ရဲဘော်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သည့် အသေးစားဒဏ်ရာမှ အပ ကျန်ရဲဘော်များ အထိအခိုက် အကျဆုံးစာရင်း မရှိဘူးဟုလည်း အဖွဲ့တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။
အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော် IPDF ကို ၂၀၂၂ ခုနှစ် ဇန္နဝါရီလ (၁၀) ရက်နေ့တွင် ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး အင်းသားလူမျိုး တစ်မျိုးတည်းဖြင့်သာ ဖွဲ့စည်းထားခြင်းမဟုတ်ပဲ အခြား တိုင်းရင်းသားလူမျိုး ပေါင်း စုံ ပါဝင်သည်ဟု ဆိုသည်။
လက်ရှိတွင် အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော် IPDF က အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး ဖယ်ခုံတပ်ရင်း-၂၊ KNDF၊ ဖယ်ခုံ PDF တို့နှင့် ပူးပေါင်းကာ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းနှင့် ရှမ်း-ကယား(ကရင်နီ) နယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီတပ်တို့နှင့် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။







