ကျောက်ပန်းတောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF- Kyaukpadaung) တပ်ရင်း (၁) တပ်ခွဲ (၁)အား ထောက်ပို့ လုပ်ဆောင်ပေးနေသည့် အဝေးသင် တက္ကသိုလ်ကျောင်းသား နှစ်ဦး ဖမ်းဆီးသတ်ဖြတ် ခံလိုက်ရသည်ဟု ဆွေးမျိုးများက ပြောသည်။
အသတ်ခံလိုက်ရသူ နှစ်ဦးမှာ ကျောက်ပန်းတောင်းမြို့နယ် ဘိုတဲကျေးရွာတွင်နေထိုင်သည့် ဟိန်းဇေယျာဖြိုး အသက် ၂၁ နှစ် နှင့် ဟိန်းဇေယျာဦး အသက် ၂၀ နှစ်တို့သည် ဖြစ်ကြသည်။
အမည်မဖော်လိုသူ ဆွေမျိုးတစ်ဦးက “မောင်လေး နှစ်ယောက်က PDF မဟုတ်ပါဘူး။ သူတို့ကို ထောက်ပို့ လုပ် တယ်ဆိုပြီး ဖမ်းသွားတာ။ အဲဒီနေ့က ရွာကို စစ်ကြောင်းထိုးလာတော့ အမျိုးသားတွေ အကုန်ရှောင်ရတယ်။ သူတို့ပြန်လာတဲ့အခါမှာ စစ်တပ်တွေနဲ့ တိုးတယ်။ အဲ့ဒီမှာ မောင်လေး နှစ်ယောက်ကို ဖမ်းသွားတယ်ပေါ့။ နောက်ပြီး စစ်ကြောရေးစခန်းမှာ စစ်တဲ့အခါ သူတို့ဖုန်းထဲမှာ ထောက်ပို့ လုပ်ထားတာတွေ တွေ့တယ်ပေါ့။ အဲ့ဒီ တော့ သူတို့ဖုန်းက တဆင့် နောက်ထပ် လူငယ် ငါးယောက်ကို ထပ်ဖမ်းမိတယ်ပေါ့။ အဲ့ဒီ ငါးယောက်လည်း ပစ် သတ်ခံရတယ် ပြောတယ်။ သတင်းကတော့ အတည်ပြုလို့ မရသေးဘူး” ဟု ပြောသည်။
ဟိန်းဇေယျာဖြိုး၊ ဟိန်းဇေယျာဦးတို့နှင့်အတူ အခြား လူငယ် ၅ ဦးလည်း ပစ်သတ်ခံလိုက်ရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးပေ။
ဇွန်လ (၁) ရက်နေ့တွင် ကျေးရွာများအား စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးသည့် အချိန်တွင် ၎င်းတို့ နှစ်ဦး ဖမ်း ဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ပံပျားရဲစခန်း၌ (၂) ရက်ကြာချုပ်ထားပြီးနောက် ဇွန်လ (၃) ရက်နေ့တွင် တပ်မ (၉၉) စစ်ကြောရေးစခန်းသို့ လွှဲပြောင်းခံလိုက်ရသည်ဟု သိရသည်။
ထိုသို့ လွှဲပြောင်းပြီးနောက် ဇွန်လ (၄) ရက်နေ့၊ နံနက် (၄) နာရီခွဲအချိန်ခန့်တွင် စစ်ကြောရေးစခန်း၌ ၎င်းတို့အား ညှင်းပန်းနှိပ်စက်ပြီး ဟိန်းဇေယျာဦး၏ ဦးခေါင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကာ ဟိန်းဖေယျာဖြိုးမှာ သွေးထွက်လွန် ဒဏ်ယာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“မောင်လေး နှစ်ယောက် ဆုံးသွားတာကတော့ သေချာပါတယ်။ အကိုဝမ်းကွဲတွေတော့ ထွက်ပြေးတာ လွတ် သွားကြတယ်။ အခု လုံခြုံတဲ့နေရာ ရောက်နေပြီ။ အဖွားကတော့ အထဲမှာ ပိတ်မိနေတုန်းပဲ။ အဖွားက အသက် (၇၀) ကျော်ပြီ။ သူအရမ်းကြောက်နေတာ။ ဖုန်းအဆက်အသွယ်လည်း မရဘူး။ အရင်က အဖွားက လွိုင်ကော် မှာ နေတာ။ စစ်ရှောင်တဲ့အချိန် ဆွေမျိုးရှိတဲ့ အဲ့ဒီဘက်ကို ပို့ထားလိုက်တာ။ အခုတော့ ပိုဆိုးသွားပြီ။ အဖွားကို ဘယ် လမ်းကြောင်းက ခေါ်ရမလဲ မသိတော့ဘူး” ဟု အသတ်ခံရသူများ၏ မိသားစုဝင် တစ်ဦးက ပြောသည်။
၎င်းတို့နှစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက မိဘ၊ ဆွေမျိုးများအား အသိပေး အကြောင်းကြား ခြင်း တစ်စုံတစ်ရာမရှိဘဲ မီးသဂြိုဟ်လိုက်သည်ဟုလည်း ကျောက်ပန်းတောင်း PDF အဖွဲ့က ထုတ်ပြန်ပြော ဆိုထားသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသည့် အခါတိုင်းတွင် အမျိုးသားများ ထွက် ပြေး တိမ်းရှောင်ကြရကြောင်းနှင့် ထိုကဲ့သို့ မတိမ်းရှောင်နိုင်ပါကလည်း ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား သည်များ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ကျောက်ပန်းတောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF- Kyaukpadaung) မှလည်း ဟိန်းဇေယျာဖြိုး၊ ဟိန်းဇေ ယျာဦးတို့နှစ်ဦး၏ ရဲဝံ့စွာတိုက်ပွဲမှုအတွက် အာဇာနည်အဖြစ် အသိမှတ်ပြုကြောင်းနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ရောက်ရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။







