ရခိုင်တွင် စက်သုံးဆီများ လိုသလောက် ဝယ်မရ

ရခိုင်တွင် စက်သုံးဆီများ လိုသလောက် ဝယ်မရ
စစ်တွေမြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)
စစ်တွေမြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)

ရခိုင်ပြည်အတွင်းက စစ်တွေအပါအဝင် တခြားမြို့နယ်များတွင် စက်သုံးဆီများ လိုသလောက်ဝယ်မရသည့် အခြေအနေနှင့်ရင်ဆိုင်နေရပြီး စျေးနှုန်းများလည်း အလွန်မြင့်တက်နေသည်ဟု သိရသည်။

ထို့ပြင် တစ်ချို့စက်သုံးဆီဆိုင်များမှာလည်း ဆီပြတ်တောက်နေမှုများကြုံတွေ့နေရပြီး ဝယ်ယူသုံးစွဲသူများအတွက် အလွန်ဒုက္ခရောက်ရသည်ဟု ဆိုကြသည်။

“ကျနော့်ဆိုင်ကယ်မှာ ခရီးသည်တွေအပြည့်နဲ့ ဆီကလည်းကုန်တော့မှာမလို့ ကျော်ဇံဆိုင်ကို အားကိုးတကြီးနဲ့ ဆီဖြည့်မလို့သွားလိုက်တာ။ အဲဒီရောက်တော့ ဆီကကုန်နေတယ်တဲ့။ အဲလိုမျိုးတွေအခက်အခဲဖြစ်တယ်”ဟု စစ်တွေမြို့တွင် သုံးဘီးမောင်းနှင်နေသည့် ကိုကျော်ခန့်ဦးကပြောသည်။

ထိုကဲ့သို့အနေအထားတွင် စက်သုံးဆီဆိုင်များသို့ ဆီဖြည့်ရန် လာရောက်သူများလွန်းသောကြောင့် တန်းစီစောင့်ဆိုင်းကာ ဖြည့်နေရသည်ဟု စစ်တွေမြို့မှ တက္ကသိုလ်ကျောင်းသား မောင်မျိုးသန့်ကဆိုသည်။

“ဆီတစ်ခါထည့်မယ်ဆိုရင် ဆီဆိုင်မှာ နာရီခွဲလောက်စောင့်နေရတယ်။ ကျောင်းက ၇ နာရီဆိုရင် ဆီထည့်ဖို့အတွက် ၆ နာရီကနေ တကူးတကသွားရတယ်။ ကျောင်းနောက်ကျတဲ့နေ့တွေဆိုရင် လမ်းဘေးဆီဆိုင်ကပဲ ထည့်ရတယ်။ အခုက မိုးရာသီဆိုတော့ လမ်းဘေးဆိုင်တွေမှာ ရေတွေရောပါတယ်။ ရေတွေပါတဲ့အတွက် ဆိုင်ကယ်စက်ကိုထိခိုက်တယ်”ဟု သူကပြောသည်။

စစ်တွေမြို့ ဆီဆိုင်ကြီးများမှာ ယနေ့ပရီမီယမ်ဒီဇယ်ဆီတစ်လီတာကို ၂၆၈၀ ကျပ်၊ ဒီဇယ်ဆီတစ်လီတာကို ၂၆၅၀ ကျပ်၊ အောက်တိန်း-95 တစ်လီတာကို ၂၄၂၀ ကျပ်၊ အောက်တိန်း-92 တစ်လီတာကို ၂၃၃၅ ကျပ် စျေးနှုန်းအသီးသီးရှိသည်။ သို့ရာတွင် လမ်းဘေးဆိုင်များတွင် ဓာတ်ဆီတစ်လီတာကို ငွေ ၃၀၀၀ ကျပ် စျေးနှုန်းပေးဝယ်နေရသည်။

မောင်တောမြို့နယ်ရှိ ဆီဆိုင်ကြီးများတွင်လည်း ယနေ့ ဓာတ်ဆီတစ်လီတာကို ငွေကျပ် ၃၀၀၀ အထိ စျေးနှုန်းရှိပြီး လမ်းဘေးဆိုင်များတွင် ငွေ ၃၅၀၀ ကျပ်ခန့်အထိ မြင့်တက်လျက်ရှိကြောင်း မောင်တောမြို့မှ အငှားယာဉ်မောင်းတစ်ဦးကပြောသည်။

“ဆီပြတ်တောက်တာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ဆီဆိုင်တွေကတော့ပြောတယ်။ အမြဲထည့်နေတဲ့ ဖောက်သည်တွေကိုပဲပေးမယ်။ ဆီတွေသိပ်မရှိတော့ဘူး နည်းနေပြီလို့တော့ပြောတယ်။ အစ်ကိုတို့တော့ ဆီပြတ်ပြီး မထည့်ခဲ့ရတာမျိုးတော့ မရှိသေးဘူး။ ဆီစျေးတော့ တက်သွားတယ်။ သင်္ကြန်မကျခင်လောက်ကဆို အောက်တိန်း-92 တစ်လီတာကို ၂၆၀၀ ကျပ်ကနေ စထည့်လာတာ။ ၂၆၀၀ ကနေ ၂၈၀၀ ဖြစ်သွားတယ်။ အခုဆိုရင် 92 တစ်လီတာကို ၃၀၀၀ ကျပ်နဲ့ထည့်ရတယ်။ လမ်းဘေးကဆိုင်တွေကဆိုရင် 92 တစ်လီတာကို ၃၅၀၀ နဲ့ထည့်ရတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဆီဆိုင်ကြီးများအနေဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ ဆီဝယ်ခွင့်လျှောက်လွှာတင်ကာ ဆီဝယ်ယူနေရသည်။ ထိုသို့ လျှောက်လွှာတင်ကာ ဝယ်ယူနေရသောကြောင့် ဆီရရှိမှု နှောင့်နှေးမှုများရှိနေသဖြင့် ဆီပြတ်တောက်မှုဖြစ်ပေါ်ခြင်းဟု ရခိုင်ပြည်နယ် စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌ ဦးသန်းလှိုင်က DMG သို့ပြောသည်။

“အခုလို ပြတ်တောက်မှုတွေရှိနေတာဟာ ခွဲတမ်းနောက်ကျတာတွေ ရှိပါတယ်။ ခွဲတမ်းလျှောက်တယ်။ သူတို့က ရှာပေးတယ်။ တစ်ချို့တွေက နှောင့်နှေးမှုရှိတဲ့အခါ ဆီပြတ်လတ်သွားတယ်။ ခွဲတမ်းတွေက တစ်ခါလျှောက်ရင် လီတာ(၄၀၀၀)လောက်ပဲရတယ်။ ကားတစ်စီးစာမပြည့်ဘူးဆိုတော့ အခက်အခဲတွေရှိပါတယ်”ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် တိုင်းနှင့်ပြည်နယ်များတွင် ဓာတ်ဆီအပါအဝင် တခြားပစ္စည်းများလည်း စျေးနှုန်းမြင့်တက်သွားပြီး အလွှာအသီးသီးမှလူပုဂ္ဂိုလ်များမှာ ခက်ခဲကျပ်တည်းနေကြသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...