ဆေးကုသခွင့် ငြင်းပယ်ခံရသော လူငယ် အောက်ပိုင်းသေသွား

ဆေးကုသခွင့် ငြင်းပယ်ခံရသော လူငယ် အောက်ပိုင်းသေသွား

ကျောရိုးနှင့် ခြေထောက်တွင် သေနတ်ပစ်ခံရသော လူငယ်တစ်ဦး ဆေးကုသခွင့် ကြန့်ကြာခဲ့ပြီးနောက် အောက်ပိုင်း သေသွားခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျောရိုးနှင့် ခြေထောက် ကျည်ထိမှန်သွား သည့် လူငယ်တစ်ဦး ဆေးကုသခွင့် ကြန့်ကြာခဲ့ခြင်း ဖြစ်သည်။

“ဆေးကုသခွင့်က ချက်ချင်းမရဘူး။ မိုးကုတ် ဗျူဟာမှူး လက်မှတ်ပါမှ ဆေးရုံက ကုပေးမှာလို့ဆိုပြီးတော့ မပါတော့ ဆေးရုံက မကုပေးဘူး။ အခုလူနာက တိုင်းရင်းဆေးနဲ့ ကုလိုက်ရတာ”  ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လူငယ်မှာ မေလ တတိယပတ်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုကို ခံလိုက်ရခြင်း ဖြစ်ပြီး လူနာကို စစ်ကောင်စီတပ်သားတွေက အချိန်ပြည့်စောင့်နေသည်ဟု သိရသည်။

“လူနာ သွားမေးရင်လည်း တခြားဘာမှမေးလို့မရဘူး။ သက်သာလား ကျန်းမာရေး အခြေနေပဲ မေးလို့ရတယ်။ စစ်သားတွေက စောင့်နေတာ” ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဆေးကုသခွင့်ရရန် ဗျူဟာမှူးလက်မှတ်နှင့် တိုင်းမှူးလက်မှတ် လိုအပ်သည်ဟု ဆိုသောကြောင့် မိသားစုဝင်များက သက်ဆိုင်ရာတွင် လက်မှတ်သွားတောင်းခဲ့သော်လည်း မည်သူမှ ထုတ်မပေးခဲ့ ဟု ဆိုသည်။

ထိုသို့ လက်မှတ် မရရှိခဲ့ခြင်းကြောင့် ဆေးရုံက ဆေးကုသမှု မပေးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြော သည်။

ဖြစ်စဉ်မှာ မေလ ၁၉ ရက်နေ့က မိုးကုတ်မြို့တွင် လူငယ်နှစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဉ် စစ်ကောင်စီတပ်က ကားပေါ်ကနေ ပစ်ခတ်ခဲ့ခြင်းကြောင့် တစ်ဦးမှာ ကျည်ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်ရှိ ဘိုးဘွား ရိပ်သာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ များကို စစ်ဆေးနေစဉ် ၎င်းတို့နှစ်ဦးက ဆိုင်ကယ်ကို ရပ်မပေးဘဲ ပြန်လှည့်မောင်းပြေးသည့်အတွက် ပစ်ခတ်ဖမ်း ဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။

စစ်ကောင်စီက ပစ်လိုက်သည့် ကျည်သည် အဆိုပါလူငယ်၏ ကျောရိုးကို ကျည်ဖောက်ဝင်သွားခဲ့ရာ ထိုဒဏ်ရာ ကြောင့် အချိန်မီဆေးကုသခွင့်မရသည့်အတွက် အောက်ပိုင်းသေဆုံးသွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဆိုင်ကယ်ကို စစ်ဆေးရန် စစ်ကောင်စီတပ်သားများက တားဆီးရာ ရပ်မပေးသည့်အတွက် ယခုကဲ့သို့ ကျည် အစစ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ဆိုင်ကယ်စီးလာသူ နှစ်ဦးအနက် တစ်ဦးမှာ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး အခြားတစ်ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။

မည်သည့်အကြောင်းအရင်းကြောင့် ထိုကဲ့သို့ အရပ်သားပြည်သူများကို ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေသည်ကို မသိရသော်လည်း မိုးကုတ်မြို့အတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင်များ ဝင်ရောက်လာမည်ဆို သည့် သတင်းများထွက်ပေါ်နေသည့်အတွက် မြို့အတွင်း လုံခြုံရေးတင်းကြပ်ထားသည်ဟု မြို့ခံများက ဆိုသည်။

မေလ ၂၀ ရက်နေ့တွင်လည်း မန္တလေး-မိုးကုတ်လမ်းပေါ်က စဉ့်ကူးမြို့နယ်၊ ရွှေပြည် ရဲကင်းစခန်းကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...