စစ်ကောင်စီနှင့်တွေ့ပြီးနောက် RCSS က SSPP ကို ထိုးစစ်ဆင်ရန် ပြင်

စစ်ကောင်စီနှင့်တွေ့ပြီးနောက် RCSS က SSPP ကို ထိုးစစ်ဆင်ရန် ပြင်

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA က စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပြီး နောက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP /SSA တပ်ဖွဲ့များ လှုပ်ရှားရာ ဒေသများသို့ စစ်ရေး လှုပ်ရှားလာသည့် အတွက် စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားလာနိုင်သည်ဟု SSPP/SSA က ပြောသည်။

ဇွန်လ ၄ ရက်နေ့တွင် SSPP Info က RCSS/SSA မှ ၎င်းတို့ တပ်များ လှုပ်ရှားရာ ဒေသများဖက်သို့ စစ်ရေးလှုပ်ရှား မှု အခြေအနေများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ထိုသို့ ထည့်သွင်းထားသည်ကို တွေ့ရသည်။

စစ်ရေးတင်းမာမှု အခြေအနေနှင့် ပတ်သက်၍ SSPP/SSA တာဝန်ရှိသူတစ်ဦးက “စစ်ရေးအခြေအနေက လွန်ခဲ့တဲ့ မေလတုန်းက စစ်အင်အားတွေပြင်ဆင်ထားပြီး ၊ မနေ့ကမှစပြီး သူတို့စစ်အင်အားတွေထဲကမှ စစ်ကြောင်း ၃ ကြောင်းနှင့် ကျွန်တော်တို့ SSPP/SSA တပ်တွေ ချထားတဲ့ စစ်စခန်းတွေစီ စတင်တိုး၀င် လာတာပေါ့နော်၊ အဲ့နေ ရာတွေက ပြီးခဲ့တဲ့ ၂ လလောက်ကပဲ ဗမာစစ်တပ်က လာနောက်ဆုတ်ခိုင်းလို့ ကျွန်တော်တို့နဲ့ စစ်ရေးတင်းမာခဲ့ တဲ့ နေရာတွေဖြစ်တယ်၊ ၂၀၁၅ ခုနှစ်က အကြောင်းတွေကိုပြန် မပြောချင်ဘူး၊ ပြောနိုင်တာက အဲ့နေရာတွေက ကျွန်တော်တို့အတွက် စစ်ရေးအရ အရေးပါတယ်”  ဟု SSPP/SSA ၏ သတင်း ထုတ်ပြန်ချက်ထဲတွင် ပြောဆို ထားသည်။

SSPP/SSA Info သည် SSPP/SSA ၏ သတင်းနှင့် ပြန်ကြားရေး Facebook စာမျက်နှာ ဖြစ်သည်။

ဇွန်လ ၁ ရက်နေ့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှ စိုင်းမြ ၊ စိုင်းကာလိင်၊ စိုင်းလျှန် တို့မှ ဦးဆောင်သော စစ်ကြောင်းများသည် ပင်လုံ နှင့် လဲချားကြားမှာ နောင်လျှန်သို့ချီတက်သွားပြီး ထိုမှ တစ်ဆင့် ၀မ် ယိူင်းဖက်သို့ ဦးတည်ချီတက်သွားမည်ဖြစ်ကြောင်း၊ စိုင်းဆိုင်၀မ်း နှင့် ခူးထီး ဦးဆောင်သော RCSS ဒုတိယ စစ် ကြောင်းသည် ၀မ်စိမ်း မှ ၀မ်ပန် ပြည့်သူ့စစ်မြောက်ဖက်သို့ ဦးတည်ချီတက်လာလျှက် ရှိကြောင်း ထုတ်ပြန်ထား သည်။

ထို့အပြင် RCSS မှ တတိယစစ်ကြောင်းသည် ကွန်ဟိန်း မှ ချီတက်ပြီး မိုင်းလိုမ်းနှင့် နောင်တောင်း ဒေသများသို့ တိုး၀င်ချီတက်သွားလျှက်ရှိပြီး ထိုဒေသများသည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP-SSA လှုပ်ရှားသည့် နေရာဒေသများဖြစ်သည်ဟု SSPP/SSA ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထိုသို့ RCSS/SSA ဖက်က စစ်ရေး လှုပ်ရှားလာသည့်အတွက် ရှမ်းလူမျိုး အချင်းချင်း တိုက်ပွဲ မဖြစ်လိုသော်လည်း ၎င်းတို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာပါက ခုခံနိုင်ရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

SSPP/SSA တာဝန်ရှိသူတစ်ဦးက “ပထမဦးဆုံး ဘုံရန်သူ ဘယ်သူလဲဆိုတာ သဲသဲကွဲကွဲ သိဖို့လိုတယ်။ သူတို့လည်း တော်လှန်ရေးအဖွဲ့အစည်း၊ ကျွန်တော်တို့လည်း အဲ့လိုပဲလေနော်။ အခုတော့ ဘုံရန်သူ ပျောက်နေပြီး တော်လှန် ရေး အဖွဲ့အစည်း အချင်းချင်း တိုက်ပွဲတွေဖြစ်နေရတယ်။ အခုချိန်မှာ ဒီလိုဖြစ်နေရတာက ပိုတောင် မကောင်း ဘူး” ဟု ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

SSPP တပ်ဖွဲ့များ လှုပ်ရှားရာ ဒေသဖက်သို့ RCSS မှ စစ်ရေးလှုပ်ရှားလာသည်ဟု SSPP ၏ ပြောဆိုမှုများနှင့် ပတ် သက်၍ RCSS ဖက်မှ သဘောထားကို သိနိုင်ရန် RCSS ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်သော်လည်း မရ သေးပေ။

၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းကလည်း  RCSS/SSA တပ်ဖွဲ့များ အပါအဝင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် တပ်ဖွဲ့ များသည် လွိုင်လင်ခရိုင် ပင်လုံမြို့အနီး စနင်းတောင်ဖက်ရှိ SSPP/SSA တပ် လှုပ်ရှားရာ ဒေသဖက်သို့ စစ်ရေး လှုပ်ရှားလာသည့်အတွက် နှစ်ဖက်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သေးသည်ဟု SSPP က ပြောသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...