စက်သုံးဆီစျေးများ အဆမတန်မြင့်တက်လာ၍ ရခိုင်တွင် လူမှုကူညီရေးအသင်းအဖွဲ့များ အခက်အခဲ ဖြစ်လာနေ

စက်သုံးဆီစျေးများ အဆမတန်မြင့်တက်လာ၍ ရခိုင်တွင် လူမှုကူညီရေးအသင်းအဖွဲ့များ အခက်အခဲ ဖြစ်လာနေ

ရခိုင်ပြည်နယ်တွင် စက်သုံးဆီစျေးများအဆက်မတန်မြင့်တက်လာ၍ လူမှုကူညီရေးပရဟိတအသင်းအဖွဲ့များအနေဖြင့် ကူညီဆောင်ရွက်ရေးလုပ်ငန်းများလည်ပတ်ရာတွင်  ခက်ခဲမှုများရှိလာသည်ဟု သိရသည်။

ယခင်ဆီစျေးမတက်သေးခင်ကဆိုလျှင် လူနာများနှင့် သွေးလှူရှင်များကို အခမဲ့ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ယခုဆီစျေးမြင့်တက်လာပြီးနောက် ခရီးဝေးဆိုလျှင် လူနာများနှင့် လူနာမိသားစုများထံမှ ဆီဖိုးများကိုပါ မေတ္တာရပ်ခံတောင်းဆိုရမှုများရှိလာနေရသည်ဟု စစ်တွေမြို့မှ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါက ပြောသည်။

"ကျွန်တော်တို့က စစ်တွေမြို့တွင်းဆိုရင် အခမဲ့ကူညီဆောင်ရွက်ပေးပါတယ်။ အခုနောက်ပိုင်း ဆီစျေးက တအားမြင့်တက်လာတော့ ခရီးဝေးတွေဆိုရင် ဆီဖိုးလေး မေတ္တာရပ်ခံနေရပါတယ်"ဟု ပြောသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းသည် စစ်တွေမှတဆင့် ရန်ကုန်သို့ပင် လူနာများသွားရောက်ပို့ဆောင်ရမှုများရှိသည့်အတွက် မေလ ၁ လအတွင်း စက်သုံးဆီသုံးစွဲရမှုပမာဏမှာ ကျပ်သိန်း ၈ဝ ဖိုးခန့်ရှိခဲ့သည်ဟုလည်း သိရသည်။

အလားတူ စစ်တွေမြို့ရှိ ကရုဏာရောင်ခြည်သွေးလှူရှင်အသင်းတွင်လည်း လစဉ်ရန်ပုံငွေအလုံအလောက်မရှိသည့်အပြင် ယခုဆီစျေးတက်လာသည်နှင့်တပြိုင်နက် ငွေကြေးအခက်အခဲများရှိလာနေသည်ဟု အသင်းဥက္ကဋ္ဌ မရွှေမိုးဝိုင်းက ပြောသည်။

"အခုက ဆီစျေးတက်လာတော့ ဆီစျေးတွေ မေတ္တာရပ်ခံရပါတယ်။ ဒါတောင် တတ်နိုင်တဲ့လူနာရှင်တွေဆီကမှ ရတာပေါ့နော်။ မတတ်နိုင်တဲ့လူနာတွေကိုကျတော့ နားလည်ပေးပြီးလည်း ကူညီပေးပါတယ်"ဟု ပြောသည်။

လက်ရှိ စစ်တွေရှိ ရွှေရိုးမစက်သုံးဆီဆိုင်ပေါက်စျေးအရ အောက်တိန်း(92)တစ်လီတာလျှင် ကျပ် ၂,၃ဝဝ ကျော်ရှိနေပြီး ကျေးလက်များတွင် အောက်တိန်း(92)တစ်လီတာလျှင် ကျပ် ၃ ထောင်ခန့်အထိ ရှိနေကြောင်း သိရသည်။

ထိုသို့ ဆီစျေးနှုန်းများမြင့်တက်မှု‌ကြောင့် လူမှုကယ်ဆေးရေးအတွက် သွားရောက်ကူညီရာတွင်လည်း အချိန်နှောင့်နှေးကြန့်ကြာမှုများရှိပြီး သွားလာရေးခက်ခဲမှုများဖြစ်နေသည်ဟု ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာမှ သုခမိတ္တာနာရေးကူညီမှုအသင်း၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ဦးစိုးမင်းထွန်းက ပြောသည်။

"အရင်ဆိုရင် စစ်တွေကို ခရီးတစ်ကြောင်းသွားရင် အလွန်ဆုံး ၃သောင်း၊ ၄သောင်းပေါ့။ အခုဆိုရင်တော့ ၆ သောင်းလောက်လိုပါတယ်"ဟု ပြောသည်၊၊

ရခိုင်တွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေသည့်အတွက် လူမှုကူညီရေးအသင်းအဖွဲ့များအပါအဝင် စက်သုံးဆီသုံးစွဲနေရသည့် အမြန်ယာဉ်နှင့် အနှေးယာဉ်မောင်းသမားများနှင့် ခရီးသည်များအနေဖြင့် အလွန်တရာ အခက်အခဲ အကျပ်အတည်းများဖြစ်ပေါ်နေရသည်ဟု သိရသည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...