ကရင် စစ်ရှောင်များ သန့်ရှင်းသည့် သောက်ရေ မရသဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်

ကရင် စစ်ရှောင်များ သန့်ရှင်းသည့် သောက်ရေ မရသဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၁ နှင့် တပ်မဟာ ၆ ဒေသရှိ စစ်ဘေးရှောင်များ သောက်သုံး ရေ အခက်အခဲနှင့်ကြုံတွေ့ နေရပြီး မသန့်ရှင်းသည့် ရေကို သောက်သုံးရသည့်အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေသည်ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူများက ပြောသည်။

KNU တပ်မဟာ ၁ သထုံ ခရိုင် နှင့် တပ်မဟာ ၆ မြ၀တီ ခရိုင်အတွင်းတွင်ရှိနေသည့် စစ်ဘေးရှောင်များမှာ မိုးရွာ သွန်းမှုကြောင့် ရေများနှောက်လာပြီး မသန့်ရှင်းတဲ့ ရေများကို သောက်သုံးနေရသည့်အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေကြသည်ဟု ကရင်လူ့ အခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူး က ပြောသည်။

“တပ်မဟာ ၆ ဖက်ခြမ်းမှာ ဆိုလို့ရှိရင်တော့ ဒီ လေးကေ့ကော် ဒေသအတွင်းက ထွက်ပြေးတိမ်းရှောင်တဲ့ IDPs အနေနဲ့ သူတို့မှာ ဆိုလို့ရှိရင်တော့ မိုးရွာရင်တော့ ရေသောက်ရေသန့် အခက်အခဲဖြစ်ပေါ်စေတာပေါ့နော။ ဘာလို့ လဲဆိုလို့ရှိရင် ရေကလည်း နှောက်လာတယ်။ ရေကြီးလာတယ်။ ပြီးလိုရှိရင် ရေသန့်စင်တဲ့ဟာတွေကလည်း အလုံအလောက် မရှိကြတဲ့အပေါ်မှာတော့ ဒီရေအခက်အခဲပေါ့နော သောက်သုံးရေ အခက်အခဲတော့ ကြုံနေရ တာပေါ့။ ဒီတပ်မဟာ ၁ ဖက်ခြမ်းမှာ ဆိုလို့ရှိရင်လည်း သောက်သုံးရေ အခက်အခဲနဲ့ ကြုံတွေ့နေရတာ ရှိတယ်။ သောက်သုံးရေ မသန့်ရှင်းမှုကြောင့်မို့လို့ ဒီဝမ်းပျက်ဝမ်းလျော့ရောဂါတွေ အခုတလော ကျနော်တို့ ဖြစ်ပျက်နေ တယ်လို့ ကျနော်တို့ ကြားသိနေရတာတွေတော့ရှိတယ်ခင်ဗျာ။”

စစ်ဘေးရှောင်များအတွက် ရေသန့်ရရှိရန်နှင့် အခြားကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ကရင်လူမှုကူညီရေး အဖွဲ့များက ကူညီထောက်ပံ့ပေးနေသော်လည်း အကူအညီများစွာလိုအပ်နေသည်ဟု စောနန္ဒဆူး က ဆက်ပြော သည်။

“ကျနော်တို့ ကရင် ကျန်းမာရေးနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့ကကျတော့ အဓိက ကျန်းမာရေးပိုင်းဆိုင်ရာကို တာ ဝန်ယူပေးထားတာပေါ့နော။ ပြီးလို့ရှိရင် ကျနော်တို့ ပြည်တွင်း နေရပ်ရွေ့ပြောင်း ကော်မတီအဖွဲ့အစည်းက DKP ကနေပြီးတော့မှ ရေသန့်စင်ရေးစက်တို့ နောက်တစ်ခြား လိုအပ်တဲ့ အခြေခံ စားနပ်ရိက္ခာတို့ ထောက်ပံ့ပေးတာ မျိုးတွေတော့ ရှိတာပေါ့။”

စစ်ရှောင်များသည် မိုးရွာသွန်းမှုကြောင့် မသန့်ရှင်းတဲ့ရေများကို သောက်သုံးနေရခြင်းကြောင့် ဝမ်းရောဂါဖြစ်ပွား နေသည့်အပြင် နာမ ကျန်းမှုများနှင့် ငှက်ဖျားရောဂါလည်း ဖြစ်ပွားနေသည်ဟု စစ်ဘေးရှောင်များကို အကူအညီ ပေးနေသူများက ဆိုသည်။

စစ်ဘေးရှောင်စခန်းများတွင် ရှိနေသည့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ဝမ်းပျက်ဝမ်းလျှော အပြင် ငှက်ဖျား နှင့်  နာမကျန်းမှုများလည်း ဖြစ်ပွားနေသည့်အတွက် ဆေးဝါး အကူအညီ များစွာလိုအပ်နေသည် ဟု ဆိုသည်။

ကရင်အမျိုးသမီး အစည်းအရုံး KWO တွဲဖက် အတွင်းရေးမှူး ၂  နော်စေးစေးဟဲ က “ဆေးတွေ ကူညီချင်ရင် လည်း ကူညီလို့ရတယ်။ ကိုက်ခဲဖျားနာပျောက်ဆေးလား ခြင်ဆေးလား အခုက များသောအားဖြင့် ငှက်ဖျား ဖြစ်ကြတာ များတယ်။ အဲဒါတွေကို ကူညီချင်တဲ့သူတွေလည်း ကူညီလို့ရတယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ် ဘေးရှောင်ဦးရေ တစ်သိန်းခုနှစ်သောင်း အထက်တွင် ရှိနေသည်ဟု ကရင်လူ့အခွင့်အရေး အဖွဲ့ KHRG က ပြော သည်။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များမှာ အဖက်ဖက်က အကူအညီများလို အပ်နေသည့် အပြင် မိုးတွင်းကာလတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားနှင့် နာမကျန်းဖြစ်မှုများ ပိုမိုဖြစ်ပွား လာသည့်အတွက် အကူအညီပေးနေသည့် အဖွဲ့များအနေဖြင့် ကူညီထောက်ပံ့မှုများကို ယခင်ကထက် ပိုမိုကူညီ လုပ်ဆောင်ပေးရန် ကရင်အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...