မွန်မှာ စက်သုံးဆီ မကြာခဏ ပြတ်လတ်နေလို့ လုပ်ငန်းရှင်တွေ အခက်တွေ့

မွန်မှာ စက်သုံးဆီ မကြာခဏ ပြတ်လတ်နေလို့ လုပ်ငန်းရှင်တွေ အခက်တွေ့

မွန်ပြည်နယ်အတွင်းက စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ မကြာခဏ ပြတ်လပ်မှုကို ပိုမို ကြုံတွေ့လာရ တယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီတွေဟာ စစ်ကောင်စီက စက်သုံးဆီ ဈေးကွက် ထိန်းချုပ်ထားတာအပြင် ဒေါ်လာငွေ ကန့်သတ် ချက်ကြောင့် လိုသလောက် ဝယ်ယူမရတာတဲ့အတွက် အောက်ခြေ စက်သုံးဆီဆိုင်တွေမှာ ဆီလက်ကျန်နည်းပါးလာပြီးနောက် မကြာခဏ ပြတ်လပ်မှုနဲ့ ပိုမို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စက်သုံးဆီတွေ မကြာခဏ ပြတ်လပ်လာတဲ့အတွက်ကြောင့် အကျိုးဆက်အနေနဲ့ ဈေးကွက်အတွင်းမှာ ဈေးနှုန်း အဆမတန် မြင့်တက်လာတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“အကျိုးဆက်က ဆီကို လိုတဲ့အချိန်မှာ လိုသလောက်ကို ဝယ်လို့မရတဲ့အခါကျတော့ ဖြစ်သင့်တဲ့ ဈေးထက် မြင့်သွားတာပေါ့နော်။ ကိုယ့်နီးနီးနားနားဝယ်ချင်တဲ့အချိန် ဝယ်လို့မရတဲ့အခါကျတော့ သွားရတယ်။ သွားတဲ့အခါ စရိတ်က ပိုကုန်တယ်။ ဒီအခါမှာ ဆီဈေးတွေ ပိုတက်သွားပါတယ်” လို့  စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီဆိုင်တချို့မှာ စက်သုံးဆီ အမျိုးအစား ပေါ်မူတည်ပြီး ပြတ်တောက်မှု ဖြစ်ပေါ်နေသလို တချို့ စက်သုံးဆီဆိုင်တွေမှာတော့ ရောင်းချဖို့ ဆီလက်ကျန် မရှိတော့တဲ့အတွက် အရောင်းပိတ်ထားရတဲ့ အခြေအနေထိ ဖြစ်ပေါ်နေတာပါ။

စက်သုံးဆီ မကြာခဏ ပြတ်လပ်လာတာကြောင့် ဆီဝယ်ယူဖို့ အခက်အခဲ ရှိလာသလို ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် အငှားယာဉ်မောင်း အများစု လုပ်ငန်း ရပ်နားရမယ့် အခြေအနေနဲ့ ထပ်မံ ရင်ဆိုင်လာရတယ်လို့ ဆိုပါတယ်။

“ဆီဆိုင်တွေက အခုဆိုရင် မရှိတဲ့ဆိုင်က မရှိနေဘူး။ တချို့ဆိုင်ဆိုလည်းပိတ်သွားတယ်။ တချို့ဆိုင် တွေမှာက တန်းစီပြီး တိုးနေရတယ်။ တနေ့တခါလည်း ဈေးတက်နေတယ်။ စားဝတ်နေရေးအတွက် ကတော့ အခက်အခဲတွေ ဖြစ်လာပါတယ်”လို့  အငှားယာဉ်မောင်းသူ တစ်ဦးက ပြောပါတယ်။

ယမန်နေ့ မေ ၃၀ ရက်နေ့ မွန်ပြည်နယ်ရဲ့ စက်သုံးဆီဈေးကွက်မှာတော့  အော့တိန်း (၉၂) တစ်လီတာ (၂၂၂၀)ကျပ်၊ (၉၅) တစ်လီတာ (၂၃၄၀)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ (၂၃၆၀)ကျပ်နဲ့ ဒီဇယ် တစ်လီတာ (၂၃၃၀)ကျပ် ထိ ဈေးနှုန်းအဆမတန် မြင့်တက်လာတာပါ။

စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေအဆိုအရ စစ်ကောင်စီအနေနဲ့ စက်သုံးဆီ ပြဿနာကို ချက်ချင် ဖြေရှင်းတာ မလုပ်ရင် မကြာမီကာလအတွင်း စက်သုံးဆီ ပြတ်လပ်မှုကို ပြည်သူတွေ ဆိုးဆိုးဝါးဝါး ပိုမို ခံစားလာရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ် မသိမ်းခင်က တစ်လီတာ ကျပ် ၆၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးတဲ့ တစ်နှစ်ကျော်ကာလအတွင်း တစ်လီတာကို ကျပ် ၂၃၀၀ ကျော်ထိ ၄ ဆနီပါး ဈေးနှုန်း မြင့်တက်လာခဲ့ပါတယ်။

Most read this week

Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...