သမိုင်းဝင်မဟာမုနိဘုရားရင်ပြင်ပေါ်တွင် စခန်းချနေသည့်စစ်တပ် ညဉ့်အချိန် သေနတ်ပစ်ဖောက်မှုများပြုလုပ်နေ

သမိုင်းဝင်မဟာမုနိဘုရားရင်ပြင်ပေါ်တွင် စခန်းချနေသည့်စစ်တပ် ညဉ့်အချိန် သေနတ်ပစ်ဖောက်မှုများပြုလုပ်နေ

ကျောက်တော်မြို့နယ်၊ သမိုင်းဝင်မဟာမုနိဘုရားရင်ပြင်ပေါ်တွင် စခန်း ချနေသည့် စကစ တပ်ဖွဲ့ဝင်များသည် ညည့်အချိန်တွင် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်နေသဖြင့် အနီးအနားရှိဒေသခံများမှာ စိုးရိမ် ကြောက်လန့် နေကြရသည်ဟု သိရသည်။

ယခုကဲ့သို့ညည့်အချိန်တွင် သေနတ်ပစ်ဖောက်မှုများကိုပြုလုပ်နေသည်မှာ ငါးရက်ခန့် ကြာမြင့်နေပြီ ဖြစ်ကာ ညဉ့်မှောင်နေသည့်အချိန်တွင် သေနတ်များကိုအကြောင်းမဲ့ပစ်ဖောက်နေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

" ညတိုင်းသေနတ်ဖောက်တယ်၊ လူတွေကိုခြောက်တဲ့ ပုံစံမျိုးဘဲ။ ဆောင်းဘောက်တွေနဲ့လည်း သီချင်းတွေ ဖွင့်တီးတယ်၊ ဘုရားပေါ်မှာ။ အနီးအနားမှာ နေတဲ့ ဒေသခံ တချို့တလေဆိုရင် ကြောက်လန့်လို့ အခြား နေရာတွေကို ရှောင်ပြေးသွားကြတာလည်းရှိတယ်။ မနက်ဆိုရင် ဆိုင်လာဖွင့်ကြပေမယ့် ညဆိုရင် တခြားနေရာကို ထွက်သွားကြတယ်။ ဒီလူတွေကိုလာပြီး စစ်ဆေးမှာလည်းကြောက်တယ်" ဟုပြောသည်။

ထိုသေနတ်ပစ်ဖောက်မှုများကို ညည့် ၉ နာရီခန့်မှစတင် တစ်ချက်၊ နှစ်ချက် ပစ်ဖောက်ကာ ညည့် ၁၂ နာရီ အချိန်ထိ ခေတ္တနားလိုက်၊ ပစ်လိုက် ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ ညည့်အချိန် သေနတ်ပစ်တော့ အသံကအကျယ်ကြီးကြားရတယ်။ ဒေသခံများအကြား ကြောက်လန့် စိုးရိမ်မှုဖြစ်စေတယ်။ ဒီလိုလူမျိုးတစ်ခုလုံးရဲ့ အထွဋ်အမြတ်ထားရာ ဘုရားကုန်းတော်ပေါ်မှာ တပ်စွဲနေတာက မဖြစ်သင့်ဘူး။ သေနတ်ပစ်တာတွေလည်း မလုပ်သင့်ဘူး”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မဟာမုနိဘုရားရင်ပြင်ပေါ်၌ စကစတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ ဝင်များမှာ တပ်စွဲ နေထိုင်လျက်ရှိနေကာ မဟာမုနိဘုရားအနီးရှိ ကျောက်တော် လေယာဉ်ကွင်းဟောင်းတွင်လည်း စကစတပ်ဖွဲ့ဝင် ၁၀၀ နီးပါးခန့် တပ်စွဲ နေထိုင်လျက်ရှိကြောင်း သိရသည်။

ကျောက်တော် မဟာမုနိဘုရားမှ ဘုရားဂေါပကတစ်ဦးက "စစ်သားတွေက ညဆိုရင် ရင်ပြင်ပေါ်မှာ တက်အိပ်တယ်၊ နေ့လည်ဘက်ဆိုရင်တော့ အောက်မှာ နေသူနေ၊ အပြင်မှာနေသူနေကြတယ်။ သေနတ်ဖောက်တာကတော့ နှစ်ရက်၊ သုံးရက်လောက်ရှိပြီ။ လူတွေပြောကြတယ်။ ကျနော်ကတော့ အခန်းထဲမှာ အိပ်နေတော့ မသိလိုက်တာများတယ်"ဟုပြောသည်။

လက်ရှိရခိုင်တွင်စစ်ရေးအခြေအနေတင်းမာနေသည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း ဘုရားပေါ်တွင် ရှိနေသဖြင့် အဆိုပါ မဟာမုနိဘုရားသို့ ဘုရားဖူးဧည့်သည်များမှာလည်း ယခင်ထက် အလာနည်းသွားကြောင်း အနီးအနားရှိဒေသခံများကပြောသည်။

ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စကစတပ်တို့ တစ်နာရီနီးပါးကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် ပလက်ဝမြို့နယ်အတွင်း အသွားအလာ ကန့်သတ်မှုများနှင့် လုံခြုံရေးများတိုးမြှင့်ထားကြောင်း သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...