ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့ရွာမူ(လွန်)ကျောင်း ပျက်စီးနေ၍ ကျောင်းသားများအန္တရာယ်ဖြစ်မည်ကို မိဘများစိုးရိမ်နေ

ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့ရွာမူ(လွန်)ကျောင်း ပျက်စီးနေ၍ ကျောင်းသားများအန္တရာယ်ဖြစ်မည်ကို မိဘများစိုးရိမ်နေ

ကိုယ်ထူကိုယ်ထတည်ဆောက်ထားသော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့ရွာကျေးရွာမှ အခြေခံပညာ မူလတန်း(လွန်)စာသင်ကျောင်းမှာ ပျက်စီးယိုယွင်းလာနေသဖြင့် ကျောင်းတက်ရောက်မည့် ကျောင်းသားများအတွက် အန္တရာယ်တစ်စုံတစ်ရာဖြစ်မည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြသည်။

အဆိုပါမူ(လွန်)ကျောင်းကို ၁၉၈၂ ခုနှစ်တွင် မြို့ရွာကျေးရွာသားများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ စာသင်ကျောင်းတည်ဆောက်ချိန်မှ နှစ်ပေါင်း ၄၀ ခန့်ကြာသည့်တိုင် အစိုးရမှ ကျောင်းအား တစ်ကြိမ်တစ်ခါမှဆောက်လုပ်ပေးခြင်းမရှိသေးဟု ကျေးရွာသားများက ပြောဆိုသည်။

လက်ရှိတွင် မြို့ရွာမူ(လွန်)ကျောင်းမှာ ဝါးကြမ်းခင်းများပျက်စီးခြင်း၊ သွပ်မိုးများပေါက်ပြဲခြင်းနှင့် အကာ တာလပတ်များ ပေါက်ပြဲပျက်စီးခြင်းများရှိသဖြင့် စာသင်ကြားရန် အဆင်မပြေဖြစ်နေရသည်ဟု အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိန်အောင်က DMG သို့ပြောသည်။

“ကျောင်းဖွင့်ချိန်ရောက်ရင်တော့ အခုပျက်စီးနေတဲ့ကျောင်းကို ရပ်ရွာကအကူအညီလေးနဲ့ ဝါးကာ၊ ဝါးခင်းလေး ပြုပြင်ပြီး သင်ရမှာပေါ့”ဟု ဆိုသည်။

မြို့ရွာကျေးရွာသားများမှာ ဆင်းရဲနွမ်းပါးကြသဖြင့် စာသင်ကျောင်းအား ဝါးဖြင့်ပြုပြင်ရန်ပင်ခက်ခဲနေကြပြီး ကျောင်းတွင် စာသင်ခုံများလည်း လုံလောက်မှုမရှိကြောင်း ကျောင်းအုပ်ဆရာကြီးမှ ဆက်လက်ပြောကြားသည်။

ယခုစာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများတွင် မေလ ၂၆ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ကာ မကြာမီ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်သည်။

သို့ရာတွင် မြို့ရွာမူ(လွန်)ကျောင်းမှာ ပျက်စီးယိုယွင်းနေသဖြင့် ကျောင်းသားများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် စာသင်ကျောင်းကို အမြန်ဆုံးပြုပြင်ပေးရန်လိုအပ်နေသည်ဟု ကျောင်းသားမိဘများက ပြောဆိုသည်။

ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးစံလှဖော်က “ကလေးတွေအတွက် စိုးရိမ်မိတယ်။ ကျောင်းက ခိုင်ခံ့မှုမရှိတော့ မိုးသက်လေပြင်းကျတဲ့အခါ ထိခိုက်မိမှာ ကလေးတွေအန္တရာယ်တစ်ခုခုဖြစ်မှာ စိတ်ပူနေရတယ်။ ဆိုတော့ ကျောင်းကို သက်ဆိုင်ရာက အမြန်ဆုံးဆောက်ပေးစေချင်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် မြို့ရွာမူ(လွန်)ကျောင်းကို ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် တင်ဒါခေါ်ယူထားသည်ဟု ကြားသိရသော်လည်း မည်သည့်အချိန်တွင်ဆောက်လုပ်ပေးမည်ကို မသိရသေးဟု ကျောင်းအုပ်ဆရာကြီး ဦးစိန်အောင်ကဆိုသည်။

အဆိုပါမူ(လွန်)ကျောင်းတွင် ကျောင်းသား၊ကျောင်းသူဦးရေ ၇၉ ဦးကို ဆရာ/ဆရာမ ၆ ဦးတို့က ပညာသင်ကြားပေးနေကြောင်း သိရသည်။ မြို့ရွာကျေးရွာမှာ ပုဏ္ဏားကျွန်းမြို့နယ် ဘဲငါးရာတောင်ခြေအောက်တွင် တည်ရှိပြီး ခမီတိုင်းရင်းသားများ နေထိုင်ကြသည့်ကျေးရွာဖြစ်သည်။

ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...