ကျောက်ဖြူမှ ဒုက္ခသည်များ ပြောင်းရွှေ့ရမည့်နေရာတွင် ရေနစ်မြုပ်နေသဖြင့် နေထိုင်ရေးခက်ခဲလာမည်ကို စိုးရိမ်နေကြ

ကျောက်ဖြူမှ ဒုက္ခသည်များ ပြောင်းရွှေ့ရမည့်နေရာတွင် ရေနစ်မြုပ်နေသဖြင့် နေထိုင်ရေးခက်ခဲလာမည်ကို စိုးရိမ်နေကြ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP Camp မှ ဒုက္ခသည်များကို ပြောင်းရွှေ့ပေးမည့်နေရာမှာ ရေနစ်မြုပ်မှုရှိသဖြင့် ဒုက္ခသည်များ ပြောင်းရွှေ့နေထိုင်ရာ၌ အခက်အခဲဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

အဆိုပါဒုက္ခသည်များကိုပြောင်းရွှေ့ရန် နေအိမ်များဆောက်လုပ်နေသည့်နေရာမှာ မကြာသေးမီက မိုးသည်ထန်စွာရွာသွန်းခဲ့မှုကြောင့် ရေနစ်မြုပ်မှုများရှိခဲ့၍ မိုးရာသီကာလတွင် ဒုက္ခသည်များပြောင်းရွှေ့နေထိုင် ရမည်ဆိုပါက အဆင်မပြေနိုင်ကြောင်းပြောသည်။

“ကျနော်တို့ပြောင်းရွှေ့ပြီး နေထိုင်တဲ့အခါကျရင် မိုးရာသီဆို ဘယ်လိုနေကြမလဲ။ အကုန်လုံး နေအိမ်က ရေနစ်မြုပ်သွားလိမ့်မယ်။ အစိုးရပြောခဲ့တုန်းကတော့ ရေမနစ်မြုပ်ရအောင် မြေဖို့ပြီးဆောက်လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ အခုတော့ မိုးတောင်မရွာသေးဘူး ရေမြုပ်နေပြီ၊ အပြောနဲ့အလုပ်ကတော့ တခြားစီဖြစ်နေတယ်”ဟု ကျောက်တစ်လုံး IDP Camp မှ ကိုကျော်မျိုးလှိုင်က DMG သို့ ပြောသည်။

ကျောက်ဖြူမြို့မှ ဒုက္ခသည်များအတွက် နေအိမ်ဆောက်လုပ်ပေးနေသည့်နေရာမှာ မြေနိမ့်ပိုင်း အင်းအိုင်ကြီးဖြစ်နေသဖြင့် မိုးရွာသွန်းသည့်အခါတွင် အနီးအနားမှချောင်းရေများဝင်ရောက်ကာ အနည်းဆုံး ရေတစ်ပေခန့်မြင့်တက်နေသည်ဟု ဒုက္ခသည်များကပြောသည်။

ကျောက်တစ်လုံး IDP Camp မှ ဒေါ်ညိုညိုက “အခုနေရာကို ကျမတို့လုံးဝမပြောင်းချင်ပါဘူး။ အစိုးရက လုံးဝပြောင်းရွှေ့ပေးရမယ်ဆိုလည်း ကျမတို့မတတ်နိုင်ဘူး။ အခုရေနစ်မြုပ်နေတဲ့အိမ်တွေဟာ မြေအမြင့်မှာ ဆောက်ထားတဲ့အိမ်တွေဖြစ်ပါတယ်။ အဲဒါကြောင့် ဆောက်ဖို့ကျန်တဲ့နေအိမ်တွေဆို ဒီထက်မြေနိမ့်သေးတယ်။ ဒါကြောင့် ဒီလိုမဖြစ်အောင် အချိန်မီမြေအမြင့်ဖို့ပြီး ဆောက်လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။

ကျောက်တစ်လုံး IDP Camp မှ ဒုက္ခသည်များကို အဆိုပါစခန်းနှင့် တစ်ဖာလုံခန့်ကွာဝေးသည့်နေရာတွင် ယခုနှစ်အတွင်း ပြောင်းရွှေ့နိုင်ရန် နေအိမ်များဆောက်လုပ်ကာစီစဉ်နေသည်ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက DMG သို့ ပြောဆိုထားသည်။

ဒုက္ခသည်များကို ပြောင်းရွှေ့မည့်နေရာသစ်တွင် နေအိမ်အလုံး ၃၀၀ ကျော် ဆောက်လုပ်ရန်စီစဉ်ထားပြီး လက်ရှိတွင် နေအိမ်အလုံး ၁၀၀ ကျော် ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာသစ်မှ နေအိမ်များ ရေနစ်မြုပ်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းကပြောသည်။

“တချို့နေရာလောက်ပဲ ရေဝပ်တာ။ ရွာတွေမှာဆိုရင်လည်း ဒီအတိုင်းရေဝပ်တာပဲလေ။ ဒါတွေကို ရေမြောင်း system (စနစ်)လေးတွေ ပြန်လုပ်လိုက်လို့ရှိရင်တော့ အဆင်ပြေသွားမှာပါ”ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးကပြောသည်။

ကျောက်တစ်လုံး IDP Camp တွင် မွတ်ဆလင်နှင့် ကမန်လူမျိုး အိမ်ထောင်စု ၃၆၈ စု၊ လူဦးရေ ၁၀၀၀ ကျော် နေထိုင်နေကြပြီး ၎င်းတို့မှာ ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခများကြောင့် ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များမှ ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။

ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...