စစ်တပ်က လေးတောင်မြို့မှ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေး

စစ်တပ်က လေးတောင်မြို့မှ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေး

စစ်ကောင်စီ စစ်ကြောင်း တစ်ခုသည် ယနေ့ မေ ၂၆ ရက်နံနက်က ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ထဲသို့ဝင်ရောက်ပြီး နေအိမ်အချို့အား စစ်ဆေးမှုများရှိနေသဖြင့် မြို့ခံတချို့တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

ယနေ့ နံနက် ၈ နာရီကျော်ခန့်က လေးတောင်မြို့၊အမှတ် ၄ ရပ်ကွက်တွင် ရှိသည့် မြို့မိမြို့ဖ ကိုမောင်မောင်ကြီး၏ နေအိမ်သို့ စစ်ကားနှစ်စီးနှင့် လာရောက်ပြီး စစ်ဆေးမေးမြန်းမှုများရှိသလို လေးတောင်မြို့ခံ ကိုဝင်းကို၏ နေအိမ်ကို ထပ်မံ၍သွားရောက်စစ်ဆေးမှုများရှိခဲ့ကြောင်း မျက်မြင် ဒေသခံများကပြောသည်။

ကိုမောင်မောင်ကြီး၏နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာတွင် ဇနီးဖြစ်သူအား သူ့အကြောင်းကို မေးမြန်းစစ်ဆေးမှုများရှိခဲ့သည်ဟု ကာယကံရှင်ဖြစ်သူ ကိုမောင်မောင်ကြီး နိရဉ္စရာသို့ပြောသည်။

"ကျနော့်အိမ်ရှင်မကို ကျနော့်အကြောင်း ဝင်မေးတယ်။ ကျနော် ရောက်ပြီလား ဆိုပြီး။ ကျနော့် အိမ်ရှင်မကလည်း မရောက်သေးဘူးလို့ ပြောလိုက်တယ်။ ပြီးတော့သူတို့ ကျနော့် အိမ်နောက်ဘက်ကို ပတ်ပြီးတော့ ရွာထဲကို ထိပ်ဘက်ကဝင်တယ်။ ကျနော့်အိမ်ပတ်ပတ်လည်ကိုလည်း ဝိုင်းပြီး ကြည့်ခဲ့ကြသေးတယ်၊ အိမ်ထဲတိတော့ မဝင်ခဲ့ဘူး" ဟု ၎င်းက ပြောသည်။

လေးတောင်မြို့မိမြို့ဖကိုမောင်မောင်ကြီး၏ နေအိမ်ကို စစ်ဆေးမေးမြန်း ခဲ့ပြီးသည့် နောက်တွင် လေးတောင်မြို့ခံ ကိုဝင်းကို၏နေအိမ်ကို ထပ်မံ၍ သွားရောက်စစ်ဆေးမှုများရှိခဲ့ကြောင်း မျက်မြင်ဒေသခံများကပြောသည်။

ULA နှင့်လည်းဆက်စပ်မှုမရှိဘဲ လူမှုရေးလှုပ်ရှားနေသည့် လူတစ်ဦးကို ယခုကဲ့သို့ စစ်ဆေးမေးမြန်းမှုများရှိနေခြင်းသည် ၎င်းတို့နှင့်၎င်းတို့၏ မိသားစုများအပေါ်တွင် အကြောက်တရားများလွှမ်းမိုးစေကြောင်း ကိုမောင်မောင်ကြီးက ပြောဆိုသည်။

"စိုးရိမ်မှုတွေရှိတယ်၊ ကျနော်တို့အိမ်မှာ မနေရဲဘူး။ သူတို့နဲ့လည်း ထိပ်တိုက် မတွေ့ရဲဘူး။ ကိုယ့်မှာအပြစ်မရှိကြောင်းကို သူတို့ကိုပြောပြန်ရင်လည်း သူတို့ကနားလည်မှာမဟုတ်ဘူး။ အဲဒါကြောင့်ထိပ်တိုက်လည်း မတွေ့ရဲဘူး" ဟုပြောသည်။

လက်ရှိတွင် လေးတောင်မြို့ထဲသို့ဝင်ရောက်လာသော အင်အား ၈ဝခန့် ပါဝင်သည့် ရဲနှင့်စစ်တပ်တို့သည် သရက်ချိုဘုန်းကြီးကျောင်းနှင့် ငါးပြီချောင်း ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲနေထိုင်နေကြောင်း သိရသည်။

လေးတောင်မြို့သို့ စစ်တပ်နှင့်ရဲ စစ်ကြောင်းတို့ဝင်ရောက်သည့် အကြိမ်တိုင်းတွင် အခြားနေအိမ်များကို စစ်ဆေးမေးမြန်းများမရှိဘဲ ၎င်းတို့ နှစ်အိမ်ကိုသာ စစ်ဆေးမေးမြန်းမှုများရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်မေလ ၁၄ ရက်နေ့ကလည်း လေးတောင်မြို့သို့ စကစ စစ်ကြောင်းများ ဝင်ရောက်၍ ဘုန်းကြီးကျောင်းများတွင် တပ်စွဲ နေထိုင်ခဲ့ကြောင်း သိရသည်။

စစ်တပ်ကရှာဖွေစစ်ဆေးမှုများရှိနေ၍ တိမ်းရှောင်နေရသည့် ကိုမောင်မောင်ကြီးသည် လေးတောင်မြို့ မြို့မိမြို့ဖဆယ်ဦးထဲတွင်လည်း တစ်ဦးအပါအဝင်ဖြစ်ကာ လေးတောင်မြို့ဖြစ်မြောက်ရေး ကော်မတီတွင်လည်း အတွင်းရေးမှူး ၃ ရာထူးကိုထမ်းဆောင်နေသူဖြစ်သည်။

သူ့အနေဖြင့် ULAနှင့်လည်း အဆက်အသွယ်မလုပ်ပဲ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကိုမောင်မောင်ကြီးက ဆက်လက်ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂ဝပြည့်နှစ် ဇူလှိုင်လကလည်း ကိုမောင်မောင်ကြီး၏ နေအိမ်အား စစ်တပ်မှ ဝိုင်းဝန်းစစ်ဆေးမှုများရှိခဲ့၍ စစ်တွေမြို့သို့ သွားရောက်ကာ ဗိုလ်မှူးကြီးမင်းသန့်နှင့် ကိုယ်တိုင် ၎င်းကိစ္စအပေါ် ရှင်းလင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

စစ်တပ်စစ်ကြောင်းများသည် လေးတောင်မြို့သို့ တစ်လတွင် နှစ်ကြိမ်ခန့်စီ ဝင်ရောက်ကာ အဆိုပါ နေအိမ်နှစ်အိမ်ကို စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...