ARSA နှင့်ပတ်သက်သည်ဟုဆိုကာ မွတ်ဆလင်အမျိုးသားတစ်ဦးကို စစ်တပ် က ဖမ်းဆီး

ARSA နှင့်ပတ်သက်သည်ဟုဆိုကာ မွတ်ဆလင်အမျိုးသားတစ်ဦးကို စစ်တပ် က ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘကုံးနားကျေးရွာအုပ်စုရှိ မြောင်းနားကမ်းရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးကို  အာရ်ကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် ARSA အဖွဲ့နှင့်ပတ်သက်သည်ဟု ဆိုကာ စစ်တပ်မှ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

မြောင်းနားကမ်းကျေးရွာနေ မာမတ်တော်ယုပ် အသက်(၄၇)ကို ARSA နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ မေ ၂၂ ရက်နေ့တွင် နေအိမ်မှလာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် DMG သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“သူတို့မှာလူ ၅၀ လောက်ပါတယ်။ မာမတ်တော်ယုပ်မှာ အာဆာနဲ့ပတ်သက်နေတယ်။ စစ်ဆေးစရာရှိတယ်လို့ဆိုပြီး ခေါ်သွားပါတယ်။ စစ်သားနှင့်ရဲသားတွေမှာ ARSA နဲ့ပတ်သက်တဲ့ လူနာမည်နဲ့ စာရင်းတွေပါလာတယ်လို့လည်းသိရပါတယ်။ အဲဒါကြောင့် ရွာသားတွေအကုန်လုံးကတော့ စိုးရိမ်နေကြပါတယ်”ဟု ၎င်းကဆိုသည်။

ဘကုံးနားကျေးရွာအုပ်စု၊ မြောင်းနားရွာမှလည်း ယမန်နေ့(မေလ ၂၃ ရက်)နံနက်ပိုင်းတွင် ARSA နှင့်ပတ်သက်ပြီး မွတ်ဆလင်အမျိုးသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ မွန်းလွဲပိုင်းတွင် ပြန်လွတ်လာခဲ့သည်။

မြန်မာစစ်တပ်မှ ကျေးရွာများအတွင်း လှည့်လည်သွားလာခြင်း၊ ARSA နှင့်ဆက်စပ်သည်ဟု သံသယရှိသူများကို လိုက်လံရှာ ဖွယ်ခြင်းများ ယခုရက်ပိုင်းအတွင်းပြုလုပ်လာသည်ဟု ဒေသခံများကပြောဆိုကြသည်။

မြောင်းနားကမ်းကျေးရွာမှ အဒူအာမာန်က “သူတို့က အခုလိုကျေးရွာတွေကို သွားလာနေတာတွေလုပ်နေတော့ ကျနော်တို့မှာအလုပ်လုပ်ရတာလည်း လုံခြုံမှုမရှိတော့ဘူး။ နောက်တစ်ခုက ARSA နဲ့ပတ်သက်တယ်ဆိုပြီး လူနာမည်နဲ့တကွ လိုက်ရှာနေတယ်ဆိုတော့ နာမည်တွေမှားပြီးတော့ ပါလာမလားဆိုပြီးတော့ စိုးရိမ်စိတ်တွေဖြစ်ပါတယ်”ဟု ပြောသည်။

စစ်တပ်မှ စစ်သားအင်အား ၅၀ ခန့်သည် ဘူးသီးတောင်မြို့နယ်၊ ဘကုံးနားအလယ်ရွာရှိ စာသင်ကျောင်းတွင်နေထိုင်နေသည်မှာ ၃ ရက်ခန့် ရှိနေပြီဖြစ်ကြောင်းလည်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အလားတူ မောင်တောမြို့နယ်၊ ဝရိတ်ကျွန်းအုပ်စု၊ ကြိမ်ချောင်းမွတ်ဆလင်ကျေးရွာရှိ ဗလီကျောင်းတွင်လည်း စစ်သားအင်အား ၄၀ ခန့်နေထိုင်နေသည်မှာ ၃ ရက်မျှရှိနေပြီဟု ကြိမ်ချောင်းကျေးရွာသားတစ်ဦးကပြောသည်။

“ကျနော်တို့ရွာက ဗလီကျောင်းမှာ စစ်သားတွေနေနေတာ ဒီနေ့ဆိုရင် ၃ ရက်ရှိနေပြီ။ သူတို့က ဘာလာလုပ်တာလည်းတော့ ကျနော်တို့မသိဘူး။ ဒါပေမဲ့ အခုလိုရွာမှာလာပြီး နေနေကြတယ်ဆိုရင်တော့ ကျနော်တို့မှာစိုးရိမ်တာပေါ့”ဟု ၎င်းကျေးရွာသားကဆိုသည်။

မောင်တောဒေသတွင် ARSA အဖွဲ့နှင့်ဆက်စပ်ပြီး ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

 

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...