သံတွဲဒေသခံ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ထောင်ဒဏ် ၃ နှစ် ချမှတ်

သံတွဲဒေသခံ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ထောင်ဒဏ် ၃ နှစ် ချမှတ်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားရင်ဆိုင်နေရသည့် သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို ယနေ့(မေလ ၂၀ ရက်)ရုံးချိန်းတွင် သံတွဲမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ရှေ့နေထံမှ သိရသည်။

မအူပင်တွင်ဖမ်းမိသော PDF အဖွဲ့ဝင်နှင့်ဆက်စပ်မှုရှိသည်ဟုဆိုကာ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလကဖမ်းဆီးခဲ့ပြီး ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီး နေဇော်ထက်မှ တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့စွဲဆိုထားသည့်အမှုဖြင့် ၎င်းတို့နှစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်ခဲ့ပြီး ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။

"၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်ပါတယ်။ ချုပ်ရက်တွေကိုလဲ ထုတ်နှုတ်ခံစားခွင့်ရမှာပါ။ ချုပ်ရက်ကတော့ တစ်နှစ်နီးပါးလောက်တော့ရှိနေပြီ ဖြစ်ပါတယ်”ဟု ရှေ့နေကဆိုသည်။

ထိုသို့ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ ထောင်ဒဏ်ချမှတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်များကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိခဲ့ပေ။

ရခိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များမရှိသော်လည်း PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၀ ဦးထက်မနည်းရှိသည်။

ယင်းတို့အနက် မြောက်ဦးမြို့နယ်မှ အမျိုးသားတစ်ဦး၊ သံတွဲမြို့နယ်မှ အမျိုးသမီး ၃ ဦးနှင့် တောင်ကုတ်မြို့နယ်မှ အမျိုးသမီးတစ်ဦးတို့မှာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရသည်။

လက်ရှိတွင် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့မှာလည်း ထောင်ဒဏ်ချမှတ်ခံလိုက်ရသဖြင့် PDF နှင့်ဆက်စပ်ပြီး ထောင်ဒဏ်ချမှတ်ခံရသူမှာ ရခိုင်ပြည်နယ်အတွင်းတွင် စုစုပေါင်း ၇ ဦးအထိရှိလာပြီဖြစ်သည်။

ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...