KNU ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးရှောင်ပြည်သူ ၁၃၀,၀၀၀ ကျော်ရှိပြီး အကူအညီများလိုအပ်နေ

KNU ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးရှောင်ပြည်သူ ၁၃၀,၀၀၀ ကျော်ရှိပြီး အကူအညီများလိုအပ်နေ
ဓာတ်ပုံ - ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက တွေ့ရသော တပ်မဟာ (၆) နယ်မြေမှ စစ်ဘေးရှောင်များ။
ဓာတ်ပုံ - ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက တွေ့ရသော တပ်မဟာ (၆) နယ်မြေမှ စစ်ဘေးရှောင်များ။

စစ်အာဏာသိမ်း ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ် နယ်မြေများတွင် ယခု မေလအထိ ဒေသခံ ပြည်သူ ၁၃၀,၀၀၀ ကျော် စစ်ဘေးရှောင် နေရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

Karen Peace Support Network မှ ရရှိသည့် အချက်အလက်များ အရ KNU တပ်မဟာ (၁) သထုံခရိုင်တွင် ၁,၁၅၀ ဦး၊ တပ်မဟာ(၂) တောင်ငူခရိုင်တွင် ၆,၀၀၀ နီးပါး၊ တပ်မဟာ(၃) ညောင်လေးပင် ခရိုင်တွင် ၆,၅၅၁ ဦး၊ တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်တွင် ၁၁,၆၁၄ ဦး ၊ တပ်မဟာ(၅) မူတြော်ခရိုင်တွင် ၈၂,၀၀၀ ဦး၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် ၁၉,၀၀၀ကျော်နှင့် တပ်မဟာ(၇) ဖားအံခရိုင်တွင် ၅,၀၀၀ ကျော် စုစုပေါင်း ပြည်သူ ၁၃၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စစ်အာဏာ သိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ပြည်သူများသည် တောအတွင်းနှင့် ထိုင်း-မြန်မာ နယ်စပ် တစ်လျှာက်တွင် ခက်ခက်ခဲခဲ နေထိုင် နေကြရကြောင်း သိရသည်။

“ကျောက်ဂူထဲမှာ နေရတာတော့ ပြဿနာ မရှိပေမယ့် ရွက်ဖျင်တဲထဲမှာ နေတဲ့ သူတွေ မိုးကာတွေနဲ့ နေရတဲ့ သူတွေအတွက် မိုးများရင် ပြဿနာရှိလာမယ်” ဟု KPSN အဖွဲ့ တာဝန်ရှိသူ စေလေးကပေါ က မဇ္ဈိမကို ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်ရှိ စစ်ဘေးရှောင်များကို အကူအညီ ပေးရန် ထိုင်းအစိုးရနှင့် တရားဝင် သဘောတူညီမှုများ မရှိသော်လည်း နိုင်ငံတကာ အဖွဲ့စည်းများနှင့် ချိတ်ဆက်ပြီး အကူအညီ ပေးနိုင်ရန် ကြိုးစားနေကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ၏ အာဆီယံ ကိုယ်စားလှယ် ဦးဘိုလှတင့် ကပြောသည်။

“NUG အနေနဲ့ ထိုင်းအာဏာပိုင်တွေ ဘက်က မြန်မာ စစ်ဘေးရှောင် ဒုက္ခသည်တွေကို လက်ခံပြီး UN နဲ့ နိုင်ငံ တကာ မိသားစုက ပံ့ပိုး ကူညီမှုတွေ လက်ခံ ရရှိနိုင်ရေး၊ နယ်စပ်ကို ဖြတ်ကျော်ပြီး လူသားချင်း စာနာထောက် ထားမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတဲ့ နေရာတွေကို ဖြန့်ဖြူး ကူညီနိုင်ရေး မှာလည်း နိုင်ငံတကာ အလှူရှင် အစိုးရတွေ အဖွဲ့အစည်း တွေကို ကူညီပူးပေါင်း ဆောင်ရွက်ပေးဖို့ စတာတွေကို တိုက်ရိုက် ဆက်သွယ်တဲ့ နည်းအရရော အမေရိကန် ပြည်ထောင်စုတို့ EU တို့နဲ့ တကွ ရင်းနှီးတဲ့ နိုင်ငံတကာ အစိုးရတွေက တစ်ဆင့်ရော တိုက်တွန်းတာ တွေ ညှိနှိုင်းမှုတွေ ရှိနေပါတယ်။ ထိုင်းအာဏာပိုင်တွေ ဘက်ကတော့ တိကျတဲ့ ကတိကဝတ်တွေ ရရှိထားတာမျိုး မရှိသေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။

စစ်ဘေးရှောင်များ အတွက် လိုအပ်သည့် ရိက္ခာများကို ပြည်သူလူထု၏ ထောက်ပံ့မှုများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ကူညီမှုများဖြင့် ထောက်ပံ့နေပြီး စစ်ရှောင်စခန်း အချို့တွင် ဝမ်းရောဂါ၊ ငှက်ဖျားရောဂါနှင့် အရေပြား ရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် အကူအညီများစွာ လိုအပ်နေကြောင်း ကူညီနေသူများထံမှ သိရသည်။

လက်ရှိ မိုးရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် အစားအသောက် ရိက္ခာအပြင် ရာသီဥတုဒဏ်နှင့် ဖျားနာမှုများ ဖြစ်လာမည်ကို စိုးရိမ်ပူပန်မှုများ ရှိနေပြီး နေရာထိုင်ခင်းနှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...