ရခိုင်တွင်စစ်ဖြစ်နေသည်ထက်အခြေအနေဆိုးရွားနေကြောင်း AA ပြောခွင့်ရသူဆို

ရခိုင်တွင်စစ်ဖြစ်နေသည်ထက်အခြေအနေဆိုးရွားနေကြောင်း AA ပြောခွင့်ရသူဆို

ရခိုင်တွင် စစ်မဖြစ်သော်လည်း စစ်ဖြစ်နေသည်ထက် အခြေအနေ ဆိုးရွားနေကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ရခိုင်တွင် စစ်မဖြစ်သော်လည်း စစ်ဖြစ်တာထက်ဆိုးဝါးနေကြောင်း၊ ငတ်ပြတ်မှု၊ စီးပွားရေး အကျပ်အတည်းနှင့် ကုန်စျေးနှုန်းအဆမတန် မြင့်တက်မှုတို့ အောက်တွင် ရခိုင်ပြည်သူများမှာ ဒုက္ခမျိုးစုံ ခံနေရကြောင်း၊ အသက်ရှင်သန် ရပ်တည်ရေးအတွက် များစွာ အခက်အခဲဖြစ်နေရကြောင်း ဦးခိုင်သုခက ပြောဆိုသည်။

"စစ်ပွဲဖြစ်ရင် ပြည်သူတွေနစ်နာမယ်ဆိုတာက ထမင်းစားတဲ့သူတိုင်း သိတဲ့ကိစ္စဖြစ်တယ်။ အခုက စစ်မဖြစ်ဘဲနဲ့ ကျွန်တော်တို့ ရခိုင်ပြည်သူတွေကို ငတ်ပြတ်အောင် လုပ်နေတာကတော့ ပိုပြီးတော့ ခံရခက်တယ်။ အခုက ဒီ ကျွန်တော်တို့ ရခိုင်ပြည်ထဲမှာ စစ်ဖြစ်နေတာထက် ပိုပြီးတော့ဆိုးဝါးတဲ့ ငတ်ပြတ်မှုတွေ၊ စီးပွားရေးအကျပ်အတည်းတွေ၊ ရခိုင်ပြည်ကလူတွေ အလုပ်အကိုင်မရှိတာတွေ၊ နောက် ကုန်ပစ္စည်းတွေ အဆမတန် စျေးတက် တာတွေအောက်မှာ အမျိုးမျိုး ဒုက္ခခံနေရနေကြရတယ်။ အခု စစ်ကောင်စီ အောက်မှာ ပိုပြီး အခက်အခဲတွေ ဖြစ်လာနေရတယ်” ဟုပြောဆိုသည်။

၎င်းပြဿနာများကို ပြေလည်အောင် ဖြေရှင်းရန် မကြိုးစားဘဲ လုံခြုံရေး တင်းကျပ်ပြီး စစ်ဆေးမှု၊ ဖမ်းဆီးမှု၊ ကန့်သတ်မှုများ ပြုလုပ်လာသည်မှာ မြန်မာစစ်တပ်ဘယ်ကို ဦးတည်နေသည်ကို လူတိုင်း သိပြီးသား ဖြစ်ကြောင်း ပြောဆိုသည်။

“ ဒီဟာတွေကို ပြေလည်အောင်ဖြေရှင်းဖို့ မကြိုးစားဘဲနဲ့ နေရာတိုင်းမှာ ပိုပြီးတော့မှ လုံခြုံရေးတွေ တင်းကျပ်လာတာတွေ၊ ကုန်ပစ္စည်း သယ်ယူခွင့် တွေကို ကန့်သတ်ပိတ်ပင်မှုတွေ လုပ်လာတာကတော့ မြန်မာစစ်တပ်ဟာ ဘယ်ဘက်ကို ဦးတည်ပြီးသွားနေသလဲဆိုတာ အားလုံးသိပြီးသား ကိစ္စဖြစ်တယ်" ဟု ဦးခိုင်သုခက ဆက်ပြောသည်။

စစ်ကောင်စီက ငြိမ်းချမ်းရေးဟု ပြောဆိုနေသော်လည်း အောက်ခြေတွင် ထိပ်တိုက်တိုးရေး၊ ပြည်သူများ အကျပ်အတည်းဖြစ်ရေးကိုသာ ဦးတည် လုပ်ဆောင်နေသည့်အတွက် စစ်ကောင်စီ၏ အပေါ်ပိုင်းက ပြောဆိုမှုနှင့် အောက်ခြေတွင်လုပ်ဆောင်မှုများမှာ တလွဲစီဖြစ်နေသည်ဟု ဦးခိုင်သုခက ပြောသည်။

မြန်မာစစ်တပ်သည် ရက္ခိုင်ဒေသအတွင်း စစ်အင်အားများကို နေရာအနှံ့ ထပ်မံတိုးချဲ့နေခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက် ပေးခြင်း၊ အဆိုပါ ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသော မိမိတို့၏ တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန်ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရားရုံးများကို မြန်မာစစ်တပ်မှ ဝိုင်းဝန်းခြင်း၊ အမှုအခင်းများတွင် ပါဝင်သူများအား ခြိမ်းခြောက်ခြင်း၊ ရက္ခိုင်-မူဆလင် အကြား သဟဇာတဖြစ်နေမှုများအပေါ် ပျက်စီးရန်ကြိုးစားခြင်းတို့ကို မြန်မာစစ်တပ်သည် ခပ်စိပ်စိပ် လုပ်ဆောင်လျက်ရှိသည်ဟု မေလ ၁၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...