ရခိုင်တွင် ပြဿနာများဖြစ်ပွားလာပါက စစ်တပ်ကိုအဆိုးမဆိုရန် စစ်ကောင်စီပြောခွင့်ရသူဆို

ရခိုင်တွင် ပြဿနာများဖြစ်ပွားလာပါက စစ်တပ်ကိုအဆိုးမဆိုရန် စစ်ကောင်စီပြောခွင့်ရသူဆို

ရခိုင်တွင် ပြဿနာများဖြစ်ပွားလာပါက စစ်တပ်ကိုအဆိုးမဆိုရန် စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ရခိုင်မှာ အခုဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြဿနာတက်လာရင် တပ်မတော်ကို အဆိုး မဆိုပါနဲ့လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိအချိန်တွင် ၎င်းတို့ ထိန်းသိမ်းနေခြင်းမှာ ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်၍ ဖြစ်ကြောင်း၊ စိတ်ရှည်သည်းခံပြီး ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးအတွက် လုပ်နေခြင်း ဖြစ်ကြောင်း၊ သို့အတွက် ယခုလက်ရှိ ဖြစ်ပွားနေမှုများနှင့် ပတ်သက်ပြီး ပြဿနာဖြစ်လာရင် တပ်မတော်ကို အဆိုးမဆိုပါနှင့်ဟု ပြောဆိုသည်။

လက်ရှိ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား စစ်ရေး တင်းမာနေပြီး အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်ကြောင်း AA ဘက်က ထုတ်ပြန် ထားပြီးနောက် စစ်ကောင်စီ၏ ပြောခွင့်ရသူ၏ တုံ့ပြန်ပြောဆိုမှု ထွက်ပေါ် လာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများသည် ရက္ခိုင့်တပ်တော် (AA) နှင့် နားလည်မှုဖြင့် ငြိမ်းချမ်းရေး ယူထားသော်လည်း တစ်ဖက်တွင် ရခိုင်ပြည်သူအချို့အား အကြမ်းဖက်မှုနှင့် ဖမ်းဆီးထောင်ချခြင်း၊ ကျေးရွာများသို့ ဝင်ရောက်ပြီး အေအေ အမာခံများဟုစွပ်စွဲကာ အရပ်သားများကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ရန်ကုန်-စစ်တွေ ကားလမ်း တလျှောက်တွင်လည်း စစ်ဆေးရေး ဂိတ်အများအပြားဖွင့်လှစ်ကာ စစ်ဆေးရေးတင်းကျပ်ခြင်းများကို ဆက်တိုက် ဆိုသလို ပြုလုပ်နေသဖြင့် နှစ်ဖက်တပ်များအကြား တင်းမာမှုမှာ တစထက် တစ တိုးပွားလာသည်ဟု ဒေသခံများက ပြောကြားသည်။

ULA/AA ကလည်း လက်ရှိရခိုင်တွင် စစ်တပ်က ULA ၏တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကို အနှောင့်အယှက်ပြုခြင်း၊ ဖမ်းဆီးခြင်းများ၊ စစ်အင်အား တိုးချဲ့ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာသည့်အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ ပြည်သူများအသွားအလာ သတိထားကြရန် သတိပေးချက်ထုတ်ပြန်ထားသည်။

မေလ ၁၈ ရက်နေ့ ညကလည်း မြောက်ဦးအခြေစိုက် တပ်ရင်းများ ဖြစ်သည့် ၃၇၇/၃၇၈/၅၄၀ တပ်ရင်းတို့မှ လက်နက်ငယ်များ အဆက်မပြတ် ပစ်ခတ်ကာ လူထု အထိတ်တလန့်ဖြစ်အောင် ပြုလုပ်ခဲ့သည်ဟု မြောက်ဦး ဒေသခံများက ပြောဆိုထားသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...