အလုံမြို့နယ်ရှိ မူကြိုကျောင်းက ကလေးငယ်ကို ဝင်ရောက်ဖမ်းဆီးရာတွင် ပါဝင်သည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံ

အလုံမြို့နယ်ရှိ မူကြိုကျောင်းက ကလေးငယ်ကို ဝင်ရောက်ဖမ်းဆီးရာတွင် ပါဝင်သည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံ

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံက မဇ္စျိမကို ပြောသည်။

အာဏာသိမ်းပြီးနောက် ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် စစ်ကောင်စီတပ်က ခန့်အပ်ထားသည့် ဦးလှမိုး ဆိုသူကို  မေလ ၁၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် အမည်မသိအဖွဲ့ က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

“သူက စစ်တပ်အာဏာသိမ်းပြီးမှ အုပ်ချုပ်ရေးမှူး ဖြစ်လာတာ။ မနေ့က ညနေပိုင်းလောက်က ဆင်မင်းဈေးအနောက်ဘက်လမ်း ဧရာဝတီ တည်းခိုရိပ်သာနားမှာ သေနတ်နဲ့ အပစ်ခံလိုက်ရတာ။ သုံးချက်လောက်ရှိမယ် ထင်တယ်။ နေရာမှာပဲ သေသွားတယ်” ဟု ဒေသခံက ပြောသည်။

ပစ်ခတ်မှုကြောင့် ဆင်မင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာတွင်ပင် သေဆုံးခဲ့ပြီး ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိအချိန်အထိ မသိရသေးပေ။

ပစ်သတ်ခံလိုက်ရသည့် ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမိုးဆိုသူသည် အလုံမြို့နယ် ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းရှိ BC မူကြိုကျောင်းမှ အသက်လေးနှစ်အရွယ် ကလေးငယ်ကို အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့က ဧပြီလ ၅ ရက်နေ့ ညနေပိုင်းအချိန်တွင် လာရောက် ဖမ်းဆီးရာတွင် စစ်ကောင်စီတပ်နှင့် အတူ လိုက်ပါလာသူ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်အထိ အဆိုပါမူကြိုကျောင်းက ဖမ်းဆီးခံရသည့် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့မှာ မိသားစုဝင်နှင့် အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကိုအတည်ပြု ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်နှင့် ရဲများက အုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရသည့် နေရာအနီးတဝိုက်တွင် လုံခြုံရေးတင်းကျပ်ထားကာ စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...